Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်သား ၄ ဦး လက်နက်နှင့် CNA ထံ အလင်းဝင်
DVB
·
February 12, 2025
Photo-Chinland Information Center

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားသစ် ၄ ယောက် လက်နက်တွေနဲ့အတူ ဖေဖော်ဝါရီ ၅ ရက်က ချင်းအမျိုးသားတပ်မတော် (CNA) ဆီကို အလင်းဝင်ရောက်လာတယ်လို့ Chinland Information Center ဆီကနေ သိရပါတယ်။

Chinland Information Center ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူတို့ ၄ ယောက်လုံးက ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ Point 3 ရှေ့တန်းစခန်းကပါ။ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးတော့ စစ်သင်တန်းဆင်းကနေ ရှေ့တန်းကို ရောက်လာကြသူတွေဖြစ်တယ်” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာကြသူ ၄ ယောက်ဟာ သေနတ် ၃ လက်နဲ့ ခဲယမ်းတချို့ ယူဆောင်လာတာကြောင့်လည်း ဆုကြေးငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Chin National Army (CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူတို့ ၄ ယောက် အလင်းဝင်လာတဲ့အခါမှာ ၃ ယောက်က သေနတ်ပါလာတယ်။ တယောက်ကတော့ အခွင့်မသာလို့ လက်နက်ယူမလာနိုင်ခဲ့ဘူး။ သူတို့တွေကို သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပြီးတော့ လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးပြီ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က အလင်းဝင်ရောက်လာကြတဲ့ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထဲက လက်နက်ပါလာသူ ၃ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်မှာ သေနတ်တလက်အတွက် သိန်း ၅၀ စီ ချီးမြှင့်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့တွေကလည်း ဟားခါးမြို့ပေါ်က ပြည်သူ့စစ် ၃ ယောက်နဲ့ ဇန်နဝါရီ ၈ ရက်နဲ့ ၁၄ ရက်နေ့တွေမှာလည်း ဟားခါးမြို့ပေါ်က ပြည်သူ့စစ် ၄ ယောက်တို့ဟာ ဟားခါး CDF ဆီကို အလင်းဝင်ရောက်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်ချ အလင်းဝင်ရောက်ကြဖို့ ဖေဖော်ဝါရီ ၆ ရက်မှာ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024