DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဟု ပအဖ ကြေညာ
DVB
·
February 10, 2025
မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဟု ပအဖ ကြေညာ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ပြီး မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူး (သို့) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့) ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် ရယူရမယ်လို့ မင်းတပ် ပအဖက  ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ ကြေညာပါတယ်။

ပြည်သူ‌တွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် မိမိတို့ ထည့်ဝင်ကြောင်း ထောက်ခံချက်ကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံက (အခမဲ့) တောင်းယူနိုင်ဖြည့်စွက်ကာ အဲဒီထောက်ခံချက်တွေကို မြို့ဝင်ဂိတ်မှာ ပြသနိုင်သူတွေသာ မြို့တွင်းပြန်လည်ဝင်ရောက်ခွင့် ရှိမယ်လို့ သိရပါတယ်။

မင်းတပ် ပအဖ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ထောက်ခံချက်ကတော့ အရင်ကတည်းက ဆွေးနွေးထားတာပေါ့နော်။ အမိန့်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ မြို့သိမ်းတိုက်ပွဲ မစခင်ကတည်းက ပြည်သူတွေက အခွန်ပေါ့၊ အိမ်ခွန်၊ ရေခွန်ဖြစ်စေ တောက်လျှောက် ပါဝင်လာခဲ့တာ ရှိတယ်။ မင်းတပ်မြို့နယ်မှာရှိတဲ့ ပြည်သူ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက်က ပါဝင်ခဲ့ကြတယ်။ မပါဝင်ခဲ့သူတွေကိုလည်း ကျန်တဲ့ ၉၅ ရာခိုင်နှုန်းသောသူတွေလို ပါဝင်ပြီးမှ ပြန်လာရမယ့် သဘောမျိုးပါ” လို့ DVB ကို ပြောပါတယ်။

တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်း မရှိသေးသူတွေအနေနဲ့ မြို့ဝင်ဂိတ်တွေမှာ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကာ ဖြတ်ပိုင်းနဲ့ မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့် ရရှိမယ်လို့ မင်းတပ် ပအဖက အသိပေးထားပါတယ်။

မြို့တွင်းပြန်လည်နေထိုင်မယ့်သူတွေ အနေနဲ့ အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်းမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့်ရရှိမှာဖြစ်ပြီး ကုန်စည်သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားတွေလည်း အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေက လွဲပြီး ကျန်နေ့ရက်တွေမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့် ရှိမယ်လို့လည်း သတ်မှတ်ထားပါတယ်။

“တားမြစ်ချက်တွေ ဖောက်ပြန်ရင်တော့ ပထမဆုံး နှုတ်နဲ့ သတိပေးမယ်။ အကြိမ်ကြိမ် နှုတ်နဲ့သတိပေးတာ၊ စာနဲ့သတိပေးတာတွေကို မလိုက်နာဘဲ အကြိမ်ကြိမ်ဖောက်ဖျက်ရင်တော့ ခြောက်ပေါက်ထည့်တာ၊ ဒဏ်ငွေရိုက်တာမျိုး လုပ်မှာပါ” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

မင်းတပ်မြို့က အမှတ် ၂၇၄ တပ်ရင်းကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုင်းရှင်း‌လင်းရေး၊ ရေ၊ လျှပ်စစ်မီးရရှိရေးတွေ လုပ်ဆောင်ပြီး အခုမှာတော့ ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ပြီလို့ ကြေညာထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013