Home
နိုင်ငံတကာ
အစိုးရ ပေးချေမှုစနစ်ကို မက်စ်၏ ဌာနက ကိုင်တွယ်နေမှု တရားရုံးက ယာယီတားမြစ်
DVB
·
February 10, 2025
Photo: Reuters

အီလွန်မက်စ်ရဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ဟာ ဒေါ်လာထရီလျံ ချီတဲ့ ပေးချေမှုတွေကို စီမံရတဲ့ အစိုးရစနစ်တွေ ဝင်ရောက်ကိုင်တွယ်မှု ယာယီတားမြစ်ဖို့ ပြည်ထောင်စု တရားသူကြီးတယောက်က အမိန့်ထုတ်လိုက်ပါတယ်။ 

ထိခိုက်လွယ်တဲ့ သတင်းအချက်အလက်တွေ မလျော်မကန် ဖွင့်ချရာရောက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အခုလို တားမြစ်ဖို့ မင်ဟတ်တန်ခရိုင်တရားသူကြီး ပေါ်လ်အန်ဂယ်လ်မေယာက ဖေဖော်ဝါရီ ၈ ရက်မှာ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

မက်စ်ရဲ့ DOGE ဌာနဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ စနစ်တွေကို ဝင်ရောက်ကိုင်တွယ်ဖို့ ဥပဒေကြောင်းအရ အခွင့်အာဏာမရှိဘူးလို့ ဒီမိုကရက်တွေ အုပ်ချုပ်နေတဲ့ ပြည်နယ် ၁၉ ပြည်နယ် ရှေ့နေချုပ်တွေ ပူးပေါင်းပြီး ၇ ရက်နေ့က တရားစွဲခဲ့တာဖြစ်ပါတယ်။ 

အခုအမိန့်ဟာ မက်စ်တယောက်တည်းကို မဟုတ်ဘဲ ထရမ့်ပ်အစိုးရက ခန့်အပ်တဲ့ တခြား နိုင်ငံရေးရာထူး ယူထားသူတွေလည်း ပါဝင်ပါတယ်။ မက်စ်ကတော့ သူ ပိုင်တဲ့လူမှုကွန်ရက် X မှာ ဒီကိစ္စဟာ တော်တော်ရူးတာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

နောင်အစိုးရ ပေးချေမှုအားလုံးကို မှတ်ချက်မှာ ကျိုးကြောင်းပြချက် ထည့်သွင်းဖို့နဲ့ ကဏ္ဍခွဲတဲ့ ကုတ်တခုထည့်ဖို့ ဘဏ္ဍာရေးဌာနနဲ့ DOGE ကြားမှာ သဘောတူပြီးသား ဖြစ်တယ်လို့ပါ မက်စ်က ပြောပါတယ်။

မက်စ်က အခုအပြောင်းအလဲတွေဟာ လိုအပ်လို့လုပ်တာ ဖြစ်သလို၊ အစိုးရဝန်ထမ်းတွေက အကောင်အထည်ဖော်ပေးနေတာဖြစ်ပြီး DOGE က လုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။ မက်စ်ရဲ့ ဌာနဟာ ဌာနဆိုပေမဲ့ အစိုးရဌာနတစ်ခုလို လည်ပတ်နေတာမဟုတ်ဘဲ စေတနာဝန်ထမ်းအဖွဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားနေတာဖြစ်တဲ့အတွက် အငြင်းပွားစရာတွေ ရှိလာခဲ့ပါတယ်။ 

အခု တရားစွဲဆိုမှုမှာတော့ မက်စ်ရဲ့ အဖွဲ့ဟာ အစိုးရထောက်ပံ့မှုတွေကို ထင်သလို နှောင့်ယှက်နိုင်ပြီး ဒီအချက်အလက်တွေကို ထရမ့်ပ်က နိုင်ငံရေးအရ အသုံးချနိုင်တယ်လို့ ထောက်ပြထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024