DVB Logo
Home
နိုင်ငံတကာ
WHO မှ အာဂျင်တီးနား နုတ်ထွက်မည်
DVB
·
February 6, 2025
WHO မှ အာဂျင်တီးနား နုတ်ထွက်မည်
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အာဂျင်တီးနားနိုင်ငံ နုတ်ထွက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ ဟာဗီယာ မီလီ ဦးဆောင်တဲ့ အစိုးရက အတည်ပြုပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု နက်ရှိုင်းခဲ့တာကြောင့်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အာဂျင်တီးနားသမ္မတ မီလီက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးမယ်လို့ မျှော်မှန်းထားပါတယ်။

အဲဒီနောက် WHO ကနေ နုတ်ထွက်မယ့် လုပ်ငန်းစဉ်ကို စတင်မှာဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အလားတူ နုတ်ထွက်ရေးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ ပတ်ကျော်အကြာမှာ အာဂျင်တီးနားရဲ့ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့တာပါ။

ထရမ့်ပ်နဲ့ မီလီတို့ကြားမှာလည်း တယောက်နဲ့တယောက် အပြန်အလှန် လေးစား သဘောကျကြောင်း ဖော်ပြခဲ့ကြဖူးပါတယ်။

အာဂျင်တီးနားသမ္မတကတော့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းကို “သမိုင်းတလျှောက် အကြီးကျယ်ဆုံးသော နိုင်ငံရေးတကျော့ပြန် အောင်မြင်မှု” ဖြစ်တယ်လို့ အမွှမ်းတင်ခဲ့ပါတယ်။

အမေရိကန်သမ္မတကလည်း မီလီကို “သူသဘောအကျဆုံးသမ္မတ” ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အခုလိုမျိုး နုတ်ထွက်ရတဲ့ အကြောင်းအရင်းဟာ WHO ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် တုံ့ပြန်ပုံနဲ့ တရုတ်ရဲ့ အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှု များလာတာကြောင့် ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ထောက်ပြကြပါတယ်။

အမေရိကန်ဟာ ကုလသမဂ္ဂလက်အောက်ခံ WHO အတွက် ငွေကြေးထည့်ဝင်မှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာဆိုရင် စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဒေါ်လာ ၉၅၀ သန်းအထိ ထောက်ပံ့ခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် အမေရိကန်ရဲ့ နုတ်ထွက်မှုက ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တဖက်မှာ အာဂျင်တီးနားနိုင်ငံက တနှစ်ကို ဒေါ်လာ ၈ သန်းသာ လှူဒါန်းမှုရှိတဲ့အတွက် သိသာထင်ရှားတဲ့ သက်ရောက်မှုတော့ ရှိမှာမဟုတ်ပါဘူး။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ နိုင်ငံနဲ့ ဥရောပသမဂ္ဂ အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတဲ့ ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက် (Paris Climate Agreement) ကနေပါ စွန့်ခွာဖို့အတွက် ခြေလှမ်းပြင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် အာဂျင်တီးနားမှာရှိတဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ထရမ့်ပ် ခြေရာအတိုင်း မီလီ ထပ်လိုက်မှာကို စိုးရိမ်နေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013