
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး လတ်လော စစ်ကောင်စီတပ်စခန်းတခုကို သိမ်းထားကာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုတွေနဲ့ တပ်နောက်ဆုတ် ခုခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က သာပေါင်းမြို့နယ်နဲ့ ရွှေသောင်ယံမြို့ကြား ကျားခေါင်းကျေးရွာက စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းယူလိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် သေဆုံးခဲ့ပြီး တပ်သားအများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “ကျားခေါင်းရွာဆိုတာက ပြီးခဲ့တဲ့ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး AA က သိမ်းယူထားတဲ့ ရွှေသောင်ယံမြို့နဲ့ တဆက်တည်းရှိတဲ့ရွာပါ။ သာပေါင်းဘက်ထဲ ပါတာပေါ့။ AA က ချောင်းသာဘက် ဆက်မတိုက်သေးဘဲ သာပေါင်းဘက် လှည့်တိုက်နေတာ။ လတ်တလော ကျားခေါင်းရွာကို သိမ်းသွားတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် သေဆုံးကာ တပ်သား ၅၀ ကျော်ခန့် ဒဏ်ရာရရှိပြီး ကျားခေါင်းကျေးရွာကနေ တပ်ဆုတ်ကာ တပ်သားသစ်တွေနဲ့ ထပ်မံ အင်အားဖြည့်ပြီး လက်ရှိ သဲဖြူကျေးရွာဘက်မှာ ခံစစ်ပြင်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “လက်ရှိ တိုက်ပွဲက ကြိုးကြားကြိုးကြား ဖြစ်နေတယ်။ ကျားခေါင်းရွာ တိုက်ပွဲမှာ ဒဏ်ရာရတပ်သားတွေကို ကားနဲ့သယ်ထုတ်ရင်း ဗိုလ်ကြီးအဆင့်ရှိသူ တယောက်က ကားပေါ်မှာပဲ သေဆုံးတာလို့ သိရတယ်။ လက်ရှိ ဂွ၊ သာပေါင်း၊ ရွှေသောင်ယံ၊ ငါးသိုင်းချောင်း လမ်းဆုံမှာ ပစ်ခတ်တာတွေ ထပ်ဖြစ်လာတယ်” လို့ ပြောပါတယ်။
အဲဒီ ကျားခေါင်းကျေးရွာ တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေအပြင် ၂ ရက်ဆက် လေကြောင်းပစ်ကူ ပေးခဲ့ပေမဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ကျားခေါင်းစခန်း လက်လွှတ်ခဲ့ရတာလို့ ဆိုပါတယ်။
ကျားခေါင်းခံစစ်ကျပြီး ဆုတ်ခွာလာတဲ့ စစ်တပ်က သာပေါင်းမြို့နယ် ကျွန်းလျှားကြီးကျေးရွာအုပ်စု သစ်ဆင်ရွာမှာ ရောက်နေပြီး ပြည်သူတွေကို နှင်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သစ်ဆင်ရွာကို အကြမ်းဖက်စစ်တပေက ရွာက ပြည်သူတွေ အိမ်တွေကမနေဖို့ နှင်ထုတ်တယ်။ ကိုယ်အိမ်မနေရဘူး၊ တွေ့သမျှ ပစ္စည်းတွေ တောင်းတာလုပ်နေတယ်” လို့ သာပေါင်းမြို့နေထိုင်သူတယောက်က ပြောပါတယ်။
သစ်ဆင်ကျေးရွာဟာ အိမ်ခြေ ၄၀ ဝန်းကျင်သာရှိပြီး ကြက်သွန်ကွင်း-မကျီးဇင် လမ်းပေါ်တည်ရှိပါတယ်။
သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ အရှေ့ဘက်ရှိ ကင်ပွန်းချဉ်တောင်မှာလည်း ဖေဖော်ဝါရီ ၅ ရက်ညက တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo : AA