DVB Logo
Home
Lead Story
အမြုံ ကြင်စိုး (သရော်စာ) 
DVB
·
February 6, 2025
အမြုံ ကြင်စိုး (သရော်စာ) 
Donate to DVB

(က)

တောင်ကျောင်းဆရာတော် စိမ်းသရဖူစိမ်း ဦးအစိမ်းတနှင့် စိမ်းသရဖူစိမ်း ဒကာကျော် အဘစိမ်းမောင်တို့ လေပေး‌ဖြောင့်နေကြပါ၏။

“စိမ်းမောင်ရေ . . . တပ်ချုပ်ကြီးက သူ့သက်တမ်းကို ၆ လ ထပ်တိုးလိုက်တယ်ကွ”

“တင်ပါ့ဘုရာ့၊ သူ့လုပ်ပိုင်ခွင့်ကိုး”

“အိမ်း . . . သူက ဥပဒေအရ တိုးတာလေကွာ”

“တင်ပါ့ ဘုရာ့”

အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ကျွန်ုပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ ပြုံးပြကြပါ၏။ ဆရာ ဒကာ စကားဆက်ကြလေရာ အရွှင်အဘတွေက ငြိမ်၍ နားထောင်နေပါ၏။

“အခုဆိုရင် ၈ ကြိမ်မြောက် တိုးခြင်းပေါ့ကွ”

“ဟား ဟား ဟား ဟား ဟား ဟား”

ရုတ်တရက် ထရယ်လိုက်ကြလေရာ ဆရာတော်က မျက်မှောင်ကြုတ်ပြီး “ဘာထရယ်ကြတာလဲဟ” ဟု ဘုတောပါလေ၏။

“၆ လခံဆေးကို ၂ ကြိမ်အထိပဲ ထိုးရတာ”

“ဟေ . . .”

“အခု‌လို သုံးလေးကြိမ်ကျော်ပြီး ၈ ကြိမ်အထိ ထိုးတယ်ဆို‌တော့ တပ်ပြုတ်ကြီးအတွက် အန္တရာယ်ရှိသွားပြီ ဘုရာ့”

“ဟမ် . . . ဘယ် . . . ဘယ်လို”

“အဲသည်လို ၆ လခံဆေး အခါခါထိုးရင် နောက်ပိုင်းမှာ ‘အမြုံ’ ဖြစ်သွားတတ်လို့ပါ ဘုရား”

“ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား”

ဆရာတော်က “မဟုတ်တာတွေကွာ” ဟု ညည်းပါလေ၏။ အရွှင်အဘတွေက ဆက်၍ သောပါလေ၏ ခင်ဗျာ။

“ဥပဒေထဲမှာ ‘၆ လ သက်တမ်းတိုးခြင်းကို ၂ ကြိမ်အထိသာ တိုးခွင့်ရှိတယ်’ လို့ ပြဋ္ဌာန်းထားပြီး အခုတော့ တိုးလာတာ ၈ ကြိမ်တောင်ရှိပြီဆိုတော့ မဟုတ်တော့ဘူး ဘုရား”

“အဲ . . . ဟိုဟာကွာ . . . ဒီ . . . ဒီလို . . .”

“အရှင်ဘုရားတို့ မယုံရင် စောင့်ကြည့်နေကြ၊ ကြင်စိုး သာ၀ မအလကြီး ‘မြုံ’ သွားပြီ ခင်ဗျား”

“ဝါး . . . ဟား ဟား ဟား ဟား ဟားဟား”

(ခ)

စိမ်းသရဖူစိမ်း ဆရာတော်နှင့် ဒကာကျော်တို့ကား မကျေမလည် မျက်နှာထားများဖြင့်။ ဆရာတော်က…

“ဘယ်လိုပဲဖြစ်ဖြစ် တပ်ချုပ်ကြီးဟာ နောက်ထပ် ၆ လသက်တမ်းတော့ တိုးလို့ရသွားတာပဲ မဟုတ်လား” ဟု အနိုင်ပြောလေရာ အရွှင်အဘတွေက ပြုံးစိပြုံးစိ လုပ်နေကြပါ၏။ ခဏနေတော့ အဘစောမူးသာက စကားပြန်စပါလေ၏။

“သက်တမ်းတိုးလို့တော့ ရသွားပါတယ်ဘုရာ့၊ ဒါပေမယ်လို့ ကာလုံအစည်းအဝေးမှာ အကြိတ်အနယ်ကို ဆွေးနွေးခဲ့ရတာတဲ့ ဘုရား”

“ဒါပဲပေါ့ကွာ၊ တပ်ချုပ်ကြီးက သူ့တဦးတည်းသဘောနဲ့ တိုးတာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းပြီးမှ တိုးတာဆိုတော့ အကြိတ်အနယ်တော့ ညှိရမှာပဲပေါ့ မူးသာရာ”

“မှန်လှပါ့ဘုရာ့၊ တပည့်တော်တို့ ကြားရတာကတော့ သက်တမ်းတိုးဖို့ကိစ္စမှာ လူလေးဦး အပြင်းအထန် ဆွေးနွေးငြင်းဆန်ကြပြီးမှ တိုးတာပါတဲ့ဘုရား”

“ဘယ်သူရယ် ဘယ်သူရယ် ဘယ်သူရယ်လို့ သိရသလဲ မူးသာ”

“ယာယီသမ္မတ မအလရယ်၊ တပ်ချုပ် ကြင်စိုးရယ်၊ ဝန်ကြီးချုပ် သာဝရယ်၊ စစ်ကောင်စီဥက္ကဋ္ဌကြီး ကြောင်ချီးရယ် အစည်းအဝေးမှာ တိုင်ပင်ရင်း ငြင်းခုန်ခဲ့ကြတာပါတဲ့ ဘုရား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဆရာတော်ကား ငယ်ပေါင်းဒကာတော်များကို ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ‘ဟူး’ ခနဲ သံရှည်စွဲကာ ချလိုက်ပါလေတော့၏ ခင်ဗျာ။

“အဲသည် ၄ ကောင် ဆွေးနွေးရင်းကနေ ထိုးမယ်ကြိတ်မယ်ဖြစ်ကုန်လို့ ဝိုင်းပြီး ဆွဲကြရသေးတယ်လို့လည်း ကြားရပါတယ် ဘုရား”

“ဟားဟား ဟားဟား ဟားဟား”

ဆရာတော် ဦးအစိမ်းတကား ငယ်သူငယ်ချင်း ဒကာများ၏ ရယ်ပွဲဖွဲ့မှုများကို မခံနိုင်သည့်အဆုံး ထတော်မူကာ ကျက်သရေခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့၏ ခင်ဗျာ။

“မင်းတို့ကွာ ဒီလိုတွေတော့ မပြောသင့်ပါဘူး”

“ဒီမယ်စိမ်းမောင် . . . ငါတို့ပြောတဲ့အထဲမှာ မှားတဲ့အချက်ပါရင် ‌ပြောကွာ”

“အဲ . . . ဟို . . . ဒီ . . .”

“အေး . . . မင်းတို့တွေ စောင့်ကြည့်၊ ကြင်စိုးဟာ ‘အမြုံမကြီး’ ဖြစ်သွားပြီး သူ့လက်ပါးစေ ဖက်ဆစ်တပ်ဟာလည်း မျိုးဆက်သစ် ဆက်လက်မထွန်းကားတော့ဘဲ ‘အမြုံတပ်’ ဖြစ်သွားပြီလေ”

“ဟေ . . .”

“အခုဆိုရင် မျိုးဆက်သစ်တပ်သားတွေ မွေးထုတ်မပေးနိုင်တော့တဲ့အခါ လူတကာရဲ့ ရင်သွေး သားသမီးလေးတွေကို တွေ့တဲ့နေရာမှာ ဖမ်းခေါ်ပြီး သူတို့တပ်ထဲကို အတင်းအကျပ် သွင်းနေတဲ့ ‘လူခိုးဂိုဏ်းကြီး’ ဖြစ်နေပါပြီတဲ့ ဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

အခုတော့ မအလကြီးက သူတို့အနေနဲ့ တော်လှန်ရေးတပ်တွေကို မခုခံနိုင်တော့ဘူးဆိုတာကို ဖွင့်ဟဝန်ခံလာပြီဟု အဘလုံးတုံးက ကြင်စိုး၏ညည်းချင်းကို ပြန်ပြောပြပါ၏။

“သူတို့ မရှုမလှ ခံနေရတာကို ဟိုဘက်ရက်က သူကိုယ်တိုင် တရားဝင် ‌ထုတ်ပြောသွားတာ”

“ဟေ . . .”

“မဟေနဲ့ စိမ်းမောင်၊ မင်းတို့ကောင်ကြီး နိဂုံးချုပ်တော့မယ့်ရက်ကတော့ ကပ်နေပြီဟ”

“အဲ . . . ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့တော့ ‌ပြောနေတယ်မဟုတ်လား”

“ဟားဟား ဟားဟား ဟားဟား”

“မင်းတို့အဘက အာဏာသိမ်းကတည်းက ပြောခဲ့တာလေကွာ၊ တနှစ်ကြာရင် ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးမယ်’ တဲ့လကွာ”

“အေး . . . အဲ . . .”

“၂၀၂၂ ခုနှစ်လည်းရောက်ရော ၂၀၂၃ ခုနှစ်ကျမှလုပ်မယ် ဖြစ်ပြန်ရော”

“အဲ . . . ဟို . . .”

“၂၀၂၃ လည်းကျရော ၂၀၂၄ မှာ လုပ်မယ် ပြောပြန်ရော၊ မင်းတို့ မှတ်မိပါတယ်”

“အေး . . . အဲ”

“၂၀၂၄ လည်းကျရော ၂၀၂၅ မှ လုပ်နိုင်မယ် ဆိုပြန်ရောလေ”

“ဟေ . . .”

“အခုလည်းကျရော ၂၀၂၆ လောက်မှပဲ ရွေးကောက်ပွဲလုပ်မယ်လို့ ထပ်‌ပြောနေတယ်ဆိုတော့ကာ မင်းတို့ကိုးကွယ်‌တော်မူ‌နေတဲ့ အယုတ်တမာအဘက သောက်ရူးကြီးပဲ ဟကောင်ရ”

“ဟမ် . . .”

“ပြည်သူလူထုကတော့ မအလရဲ့ ရွေးကောက်ပွဲ ဆိုတာကို လုံးဝစိတ်ဝင်စားမှုမရှိဘဲ အဆုံးအထိ တော်လှန်သွားမှာကွ စိမ်းမောင်ရ”

“အင်း . . . အဲ”

“အခုဆိုရင် သူ့ပထွေး ပေါက်ဖော်ကြီးလည်း မကယ်နိုင်တော့ပါဘူးကွာ၊ သူအုပ်ချုပ်နိုင်တဲ့ နယ်‌မြေဟာ ၂၁ ရာခိုင်နှုန်းပဲ ကျန်‌တော့တာကွ”

“အ . . . အဲ . . .”

“ကြင်စိုးဟာ ‘အမြုံမကြီး’ ဖြစ်ပြီး ‘မျိုးကန်း’ သွားပြီဆိုတာ အသေအချာပဲ”

“အဲ . . .”

“တော်လှန်ရေးတပ်ပေါင်းစုတွေက မအလကို အသေကိုဆော်မှာဟ”

“မကြာခင်မှာ ငကြင် နာမယ် ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား မူးသာ”

“သေချာတာပေါ့ လုံးတုံးရာ၊ မင်းပြောတဲ့ ‘မကြာခင်မှာ ငကြင် နာမယ်’ ဆိုတာကို ကြားရတော့ ကိုင်ဇာရေးပြီး မေဆွိဆိုခဲ့တဲ့ ‘မကြာခင်မှာ ကြင်နာမယ်’ ဆိုတဲ့ သီချင်းကိုတောင် စာ‌မြှောင်ကပ်ပြီး ညည်းလိုက်ချင်သကွာ”

“နားသောတ ဆင်ပါရစေလား ခင်ဗျာ”

ထိုရောအခါ အဘစောမူးသာမှာ ခေတ္တခဏလေးငြိမ်ကာ စိတ်ကူးထဲမှာ စာစီရင်းကနေပြီး ဤသို့ ဆိုညည်းလိုက်ပါလေတော့သတည်း။

“မကြာခင်မှာ ငကြင် နာမယ်

သူ့ကို အ‌ရေဆုတ်ကြတော့မယ်

အများရဲ့စိတ်အတွေး

တကယ်ကျ ဆင်ပါတယ်

ငကြင်ဟာ သေချာ ဒိုးရတော့မယ်ကွယ်

တပ်ပြုတ်အကောင်ကြီး အရွယ်ကျမြန်တယ်

ဒိုးရမယ့်ရက်ဟာ သေချာတယ်

အိုကွယ် မကြာခင်မှာ လစ်တော့မယ်”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013