DVB Logo
Home
မြန်မာသတင်း
ရောင်းချခွင့်ပိတ်ထားသည့် အရက်နှင့် စီးကရက်များကို AA ဖမ်းဆီး
DVB
·
February 5, 2025
ရောင်းချခွင့်ပိတ်ထားသည့် အရက်နှင့် စီးကရက်များကို AA ဖမ်းဆီး
Donate to DVB

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရောင်းချခွင့်ပိတ်ပင်ထားတဲ့ အရက်၊ စီးကရက်နဲ့ မူးယစ်ကုန်စုံတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) က ရှောင်တခွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ပြည်ပ၊ ပြည်မထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် အပါအဝင် မူးယစ်ကုန်စည်တွေကို ရောင်းချခွင့်ပိတ်ထားတာဖြစ်ပြီး ဆက်လက်ရောင်းချနေကြသေးတဲ့ ဆိုင်တွေက အရက်တွေကို လိုက်လံဖမ်းဆီးနေကြတာလို့ မြောက်ဦးမြို့ခံတယောက်က ပြောပါတယ်။

“ပြည်ပ၊ ပြည်မ ထုတ်ကုန်အရက်တွေကို ရောင်းချခွင့် ပိတ်ထားတာက ၂၀၂၄ ဒီဇင်ဘာကတည်းက ပိတ်ထားတာဖြစ်တယ်။ အချို့ ဆိုင်တွေမှာက ရောင်းချလို့ မကုန်လိုက်သေးတဲ့ အရက်တွေ ရှိသေးတာကြောင့် မှောင်ခိုရောင်းကြတာတွေ ရှိတယ်။ အဲဒါကို DLEPS တပ်ဖွဲ့တွေက သတင်းရပြီးတော့ ဝင်ရောက်ဖမ်းဆီးတာပေါ့။ ရခိုင်ပြည်တွင်းမှာတော့ အခု ဆန်အရက်ကိုပဲ သောက်သုံးသူ များကြတယ်" လို့ပြောပါတယ်။

DLEPS တပ်ဖွဲ့ဝင်တွေဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တိုင်းမှာ ရောင်းချခွင့်ပိတ်ပင်ထားတဲ့ အရက်၊ ဘီယာ၊ ဝိုင်တွေကို လိုက်လံဖမ်းဆီးနေကြတာဖြစ်ပြီး  တရားမဝင်ရောင်းချနေတဲ့သူတွေကိုလည်း  ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။

အရက်နဲ့ မူးယစ်ကုန်စည်တွေကို ရောင်းချခွင့်ပိတ်ပင်တာဟာ စစ်ကောင်စီကို ဝင်ငွေစီးဆင်းမှု လမ်းကြောင်းပြတ်တောက်စေဖို့နဲ့ ပြည်တွင်းငွေကြေးဟာ ပြည်တွင်းလည်ပတ်စေဖို့အတွက် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ရခိုင် နိုင်ငံရေးအကဲခတ်တယောက်က ပြောပါတယ်။

"ရခိုင်မှာ ပြည်ပ၊ ပြည်မ အရက်တွေ၊ ဘီယာတွေ၊ မူးယစ်ကုန်စည်တွေကို ရောင်းချခွင့် ပိတ်ပင်တာက စစ်ကောင်စီကို ငွေကြေးစီးဆင်းမှု ဖြတ်တောက်စေချင်လို့ ပိတ်လိုက်တာ တကြောင်းပါတယ်။ ပြည်ပ အရက်ဆိုရင်လည်း စစ်ကောင်စီအခွန်ရတယ်။ ပြည်မ အရက်တွေဆိုလည်း စစ်ကောင်စီထုတ်ကုန်တွေ ဖြစ်နေတာကြောင့် ဝင်ငွေဖြတ်တောက်စေချင်လို့ အခုရောင်းချခွင့် ပိတ်လိုက်တာဖြစ်တယ်။ နောက်တခုက ရခိုင်ပြည်တွင်းက စားသုံးသူရဲ့ ငွေကြေးတွေ ပြည်ပကို လွယ်လင့်တကူ မထွက်သွားဖို့ ရည်ရွယ်ချက်လည်း ပါနိုင်တယ်။”

အာရက္ခတပ်တော်အနေနဲ့ အရက်၊ ဘီယာနဲ့ မူးယစ်ကုန်တွေကို ရောင်းချခွင့် ပိတ်ထားရုံက အဖြေမဟုတ်သေးဘဲ ရခိုင်ပြည်တွင်း အရည်အသွေးပြည်မီတဲ့ အရက်တွေ ထုတ်လုပ်နိုင်ဖို့ ကြပ်မက်သင့်တယ်လို့ ဒေသခံတွေပြောပါတယ်။

အာရက္ခတပ်တော်က ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013