DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ငှက်ကြီးတောင်ပင် ဆေးဖက်ဝင်
DVB
·
February 5, 2025
နွေဦးပြည်သူတို့အတွက် ငှက်ကြီးတောင်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ငှက်ကြီးတောင်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ငှက်ကြီးတောင်ပင်ကို သိပ္ပံလို Acrostichum aureum လို့ခေါ်ပြီး အင်္ဂလိပ်လို the golden leather fern, swamp fern, mangrove fern လို့ ခေါ်ကြပါတယ်။

ငှက်ကြီးတောင်ပင်မှာ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ သံ၊ ဇင့်၊ ကြေးနီနဲ့ အမြစ်မှာ ကစီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ flavonoid, gum, sterol, glycoside, saponin, alkaloid, gum, tannin, terpenoids, triterpenoid, phenol, polyisoprenoid, polyprenol, dolichol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဝမ်းပျက်ဝမ်းလျှောကို တားဆီးခြင်း၊ အနာကျက်ဆေး၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ကင်ဆာ ဆန့်ကျင်ခြင်း၊ အဆိပ်ကို ပြေလျော့စေခြင်း၊ ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ ဆီးရွှင်စေခြင်း စတဲ့အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ငှက်ကြီးတောင်ပင်ရဲ့ အရွက်၊ ပင်စည်၊ အမြစ်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။

အရွက်ကို အရေပြားပိုးဝင်ခြင်းအတွက် ထုထောင်းပြီး လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာများ၊ မကျက်တဲ့ အနာများ၊ သွေးစုနာနဲ့ သွေးထွက်ခြင်းတို့ကို ကုသရာမှာ အမှုန့်ကို လိမ်းပေးနိုင်ပါတယ်။

အစာအိမ်နာအတွက် ပင်စည်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမျိုးသမီးများ ဆီးအနည်ပါခြင်းအတွက် အရွက်ပြုတ်ရည် တခါသောက် ၁ ဖန်ခွက်ကို သကြား ကော်ဖီ ၂ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ငှက်ကြီးတောင်ပင်ကို စားသောက်ခြင်းက အူမကြီး၊ အစာအိမ်နဲ့ ရင်သားကင်ဆာများကို ဟန့်တားပေးပါတယ်။

အမြစ်မှာ tanin ပါဝင်မှု မြင့်မားပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို တိုက်ဖျက်နိုင်တဲ့အာနိသင် ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများမှာ အမြစ်သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာများမှာ ပင်စည်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပတဲကောမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါအတွက် အမြစ်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်းသကြားပမာဏ အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်းနာကျင်ရောဂါများမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ရှောက်ရည် ကော်ဖီ ၂ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးပြီး အရွက်ကို ထုထောင်းပြီး ရောင်ရမ်းနာကျင်တဲ့နေရာမှာ စည်းနှောင်ထားပေးနိုင်ပါတယ်။

အမျိုးသမီးအဖြူဆင်းရောဂါများမှာ အပင်ပြုတ်ရည် ပင်စည်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ဆီးဖြူသီးမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

လိပ်ခေါင်းသွေးယိုခြင်းအတွက် အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တ‌နေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

သန်ကောင်/တုတ်ကောင် ရောဂါမှာ အမြစ်မှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တ‌နေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အူလမ်းကြောင်းအနာများအတွက် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၂ ဇွန်းနဲ့ တ‌နေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးနီနည်းခြင်း၊ ဆီးအောင့်ခြင်းအတွက် အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို သံပုရာ တစိတ်ညှစ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမြစ်ပြုတ်ရည်ကို ဆစ်ဖလစ်အနာ (ကာလသားရောဂါ) မှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အဖု/အကျိတ် များမှာ အပင်ခေါင်းကို ထုထောင်းပြီး အုံပေးထားနိုင်ပါတယ်။

ငှက်ကြီးတောင်ပင်ကို စားသောက်ပေးခြင်းဟာ အစာအိမ်နဲ့ အစာလမ်းကြောင်းအနာကို ကာကွယ်ပေးတဲ့အပြင် အူမကြီး၊ အစာအိမ်နဲ့ ရင်သားကင်ဆာများကို ဟန့်တားပေးပါတယ်။

ငှက်ကြီးတောင်ပင်မှာ အဆိပ်ဖြေဆေးအာနိသင် ပါဝင်တာကြောင့် ဆေးဝါးလက်လှမ်းမမီတဲ့ အခြေအနေမှာ အဆိပ်ရှိသတ္တဝါများ ကိုက်ခဲခံရပါက အမြစ်သွေးရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို နာရီဝက်ခြားတခါ ၃ ကြိမ်နှုန်း၊ ၁ နာရီခြား တခါ ၃ ကြိမ်နှုန်း၊ ၂ နာရီခြား တခါ ၃ ကြိမ်နှုန်း စသဖြင့် ဂရုတစိုက် တိုက်ကျွေးပြုစုပေးရပါမယ်။ ပင်စည်နုကို ထုထောင်းပြီး ဒဏ်ရာပေါ်မှာ အုံထားပေးကာ  နာရီခြားတခါ လဲလှယ်ပေးရပါမယ်။ အဆိပ်ကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို လျော့ပါးစေပါတယ်။

ငှက်ကြီးတောင်ပင်ကို အသင့်အတင့် စားသုံးတာက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသောက်ခြင်းက လေထိုး လေအောင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ တချို့ ငှက်ကြီးတောင်ပင်နဲ့ ဓာတ်မတည့်သူများမှာ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်တာကြောင့် ဓာတ်မတည့်သူများ ငှက်ကြီးတောင်ပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ငှက်ကြီးတောင်ပင်မှာ ကိုယ်ဝန်ဖျက်ဆေးအာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ ငှက်ကြီးတောင် စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ငှက်ကြီးတောင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013