DVB Logo
Home
Lead Story
USAID ရဲ့ အနာဂတ်
DVB
·
February 4, 2025
USAID ရဲ့ အနာဂတ်
Donate to DVB

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ဝက်ဘ်ဆိုက် ပြီးခဲ့တဲ့ စနေနေ့က ရုတ်တရက် ရပ်သွားခဲ့တယ်။ ဒေါ်နယ်ထရမ့်ပ်ရဲ့ နိုင်ငံတကာအကူအညီအားလုံး ရပ်ဆိုင်းပစ်လိုက်ဖို့ သမ္မတအမိန့်နဲ့အတူ တကမ္ဘာလုံးမှာ အလုပ်ပြုတ်သွားသူတွေ၊ အလုပ်နားလိုက်ရသူတွေ ထောင်သောင်းချီ ဖြစ်ပေါ်ခဲ့ပြီး ဆိုင်းငံ့ခံလိုက်ရတဲ့ ပရိုပရမ်တွေ အမြောက်အမြား ဖြစ်ပေါ်နေချိန်မှာ ခုလို USAID ရဲ့ ဝက်ဘ်ဆိုက်ပါ ရုတ်တရက် ရပ်သွားခဲ့တာပါ။

လွှတ်တော်ဒီမိုကရက်အမတ်တွေကတော့ ထရမ့်ပ်ဟာ USAID ကို လွတ်လပ်တဲ့အေဂျင်စီ အဖြစ်ကနေ အစိုးရလက်အောက် ရောက်လာအောင် ကြိုးစားနေတယ်လို့ ဆိုလိုက်ပြီး လွှတ်တော်က အတည်ပြုပြီးသား ရန်ပုံငွေကို ပယ်ဖျက်ဖို့ ထရမ့်ပ်မှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဝေဖန်နေကြတယ်။

ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကတော့ နိုင်ငံခြားအထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာ အလကား ပိုက်ဆံဖြုန်းတီးနေတာပဲလို့ ဆိုတယ်။

ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးအထောက်အကူဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကူအညီတွေ ရပ်ဆိုင်းသွားတာ နှစ်ပတ်ရှိလာချိန်မှာ USAID အပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လာတာဖြစ်တယ်။

USAID နဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက မေးမြန်းတာကိုလည်း ထရမ့်ပ်အစိုးရဘက်က တစုံတရာ ထုတ်ပြောတာမရှိဘဲ ရေငုံနှုတ်ပိတ်နေတယ်လို့ ဆိုတယ်။

USAID ဟာ စစ်အေးခေတ် အရှိန်မြင့်နေချိန်မှာ ဆိုဗီယက်ဩဇာလွှမ်းမိုးမှုက ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီက စတင်အကောင်အထည်ဖော်ခဲ့တာပါ။ ၁၉၆၁ ခုနှစ်မှာ နိုင်ငံခြားထောက်ပံ့ကူညီရေး (Foreign Assistance Act) ကို လွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ ကနေဒီက ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့တယ်။ သမ္မတအမိန့်နဲ့ လွတ်လပ်တဲ့ အေဂျင်စီအဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာတော့ USAID ဟာ တနေ့တခြား ကြီးထွားလာတဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို ဟန့်တားဖို့ အမေရိကန်ရဲ့ အရေးပါတဲ့နေရာကို ရောက်လာတယ်။ တရုတ်ဟာ သူ့နည်းသူ့ဟန်နဲ့ Belt and Road ခေါင်းစဉ်နဲ့ နိုင်ငံတကာ အကူအညီတွေ ပေးနေတယ်။

ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့အထိ USAID ဝန်ထမ်းတွေ ဘာလုပ်ရမှန်းမသိ၊ group chat နဲ့ နောက်ဆုံးသတင်းတွေ အချင်းချင်းလှမ်းမေးနေကြရတယ်။ ဝါရှင်တန်မှာရှိတဲ့ ရုံးချုပ်အဆောက်အအုံမှာ အလံဆက်တင်ထားရမလား။ ဖြုတ်ချရတော့မလား။

သောကြာနေ့ကတော့ ဒီမိုကရက် အထက်လွှတ်တော်အမတ် မာဖီက ထရမ့်ပ်အနေနဲ့ ကွန်ဂရက်က အတည်ပြုထားတဲ့ အစိုးရအေဂျင်စီတခုကို သူ့သဘောနဲ့သူ ဖျက်သိမ်းလို့မရဘဲ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ လူမှုကွန်ရက် X ပေါ်မှာ ရေးသားခဲ့တယ်။

“ဒါက အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေနဲ့ သူ့အနီးက ဘီလျံနာတွေကို ပိုချမ်းသာအောင် လုပ်တာပဲ”

အစိုးရအသုံးစရိတ် ထိရောက်ခြွေတာရေးတာဝန်နဲ့ ထရမ့်ပ်ကို အကြံပေးနေတဲ့ ဘီလျံနာ အီလွန်မတ်စ်ခ်ကတော့ “သမ္မတအမိန့်နဲ့ ရှင်သန်စေ၊ သမ္မတအမိန့်နဲ့ သေဆုံးစေ” “Live by executive order, die by executive order” ဆိုပြီး သူပိုင်တဲ့ X ပေါ်မှာ ရေးသားခဲ့တယ်။ အီလွန်မတ်စ်ခ်က USAID ကို ဖျက်သိမ်းချင်နေသူပါ။

ဒေါ်နယ်ထရမ့်ပ်က နိုင်ငံခြားအထောက်ပံ့အားလုံး ရက် ၉၀ ရပ်ဆိုင်းထားဖို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တယ်။ အမိန့်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာနဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံခြားအထောက်အပံ့အားလုံးနဲ့ ထောင်နဲ့ချီတဲ့ program အားလုံး ရပ်ဆိုင်းလိုက်တဲ့အတွက် ထောင်ပေါင်းများစွာသော ကမ္ဘာအရပ်ရပ်က ဝန်ထမ်းတွေ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။

နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုကတော့ အထောက်အပံ့ ရပ်ဆိုင်းထားတဲ့ကာလအတွင်း အသက်ကယ်ဖို့ လိုအပ်တဲ့ အရေးပေါ်အကူအညီတချို့ကိုတော့ ဆက်ပေးထားမယ်လို့ ဆိုတယ်။

ရူဘီယိုရဲ့ ပထမဆုံး လူသိရှင်ကြားပြောဆိုချက်အရ USAID ပရိုဂရမ်တွေကို ပြန်လည်စိစစ်နေပြီး အမေရိကန် အကျိုးစီးပွားအတွက် အလုပ်မဖြစ်တာတွေကို ဖျက်သိမ်းသွားမယ်လို့ ဆိုတယ်။

USAID နဲ့ ပတ်သက်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေအကြား နှစ်ပေါင်းများစွာ ကွန်ဂရက်ထဲ အငြင်းပွားနေခဲ့တယ်။ ခုလို လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးမှုအကူအညီတွေ ပေးနေတာ၊ တည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေကို ထောက်ပံ့နေတာ အမေရိကန်ကို ကာကွယ်ပေးနိုင်သလား။ သက်သက်မဲ့ ငွေဖြုန်းတီးတာပဲလား။

လွှတ်တော်က လက်မခံတဲ့အခါ ထရမ့်ပ်အစိုးရဟာ နိုင်ငံခြားအထောက်အပံ့နဲ့ ပရိုဂရမ်တွေအတွက် လွှတ်တော်အတည်ပြုပြီးသားငွေတွေ စီးဆင်းမသွားဖို့ ဆိုင်းငံ့တာတွေ၊ တခြားနည်းတွေသုံးပြီး ဟန့်တားလေ့ရှိတယ်။ ဗဟိုငွေစာရင်းရုံးကတော့ ဒါဟာ (impoundment control act) ရေကာတာ ထိန်းချုပ်ရေးလို့ ဆိုရမယ့် ဥပဒေချိုးဖောက်မှု ဖြစ်တယ်ဆိုပြီး ပယ်ဖျက်ခဲ့တာ ရှိခဲ့တယ်။

CWM

Ref: CNN -USAID website goes offline amid Trump administration’s freeze on foreign aid.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013