DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီ ဖြတ်ခံရသည့် နယ်စပ်က ကရင်နီဒုက္ခသည်များ အခက်ကြုံနေ
DVB
·
March 5, 2026
နိုင်ငံတကာအကူအညီ ဖြတ်ခံရသည့် နယ်စပ်က ကရင်နီဒုက္ခသည်များ အခက်ကြုံနေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာရှိတဲ့ Standard လို့ ခေါ်တဲ့ သာမန်မိသား စုတွေကို အခုနှစ် ဖေဖော်ဝါရီလကစပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ လုံးဝရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ 

နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားတာကြောင့် ဒုက္ခသည်တွေဟာ စခန်းပြင်ပမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အလုပ်ရှာဖွေနေကြရပေမဲ့ လက်တွေ့မှာတော့ လုပ်အားခ နည်းပါးမှုနဲ့ အလုပ်ခွင် အဆင်မပြေမှုတွေ ကြုံတွေ့နေကြရပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ Standard (သာမန်မိသားစု)၊ Vulnerable (လိုအပ်ချက်ရှိတဲ့ မိသားစု)၊ Most Vulnerable (အထူးလိုအပ်ချက်ရှိတဲ့ မိသားစု) ဆိုပြီး စံသတ်မှတ်ချက် သုံးမျိုးခွဲထားပြီးတော့ စားနပ်ရိက္ခာပံ့ပိုးနေတာ ဖြစ်ပါတယ်။ 

အဲဒီအထဲက Standard (သာမန်မိသားစု) တွေကို အခုနှစ် ဖေဖော်ဝါရီလကစပြီး ရိက္ခာ ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။

TBC ရဲ့ အစားအသောက်ကတ် ပံ့ပိုးမှု ရပ်တန့်တော့မယ်လို့ ၂၀၂၅ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ပြီ◌း နောက် Standard (သာမန်မိသားစု) တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ လျော့နည်း သွားခဲ့တာပါ။ 

အခုလို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကစပြီး စားနပ်ရိက္ခာ ပံ့ပိုးမှု လုံးဝ ရပ်တန့်သွားတဲ့အတွက် ဒုက္ခသည်တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့မယ့် အခြေအနေဖြစ်ပြီး ထိုင်းအစိုးရ ကလည်း စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ပြုထားပါတယ်။ 

ဒါပေမဲ့ ရိက္ခာဖြတ်တောက်ခံလိုက်ရတဲ့အတွက် ဒုက္ခသည်တွေ ရေရှည်ရပ်တည်နိုင်ဖို့ အလုပ်လုပ် ကိုင်ခွင့် များများရဖို့ လိုအပ်တယ်လို့ ကရင်နီဒုက္ခသည်စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“သူတို့ကတော့ ရိက္ခာမရတော့ဘူးဆိုရင် အပြင်ထွက်ပြီးတော့ အလုပ်လုပ်ရမှာ၊ ဝမ်းစာရှာ ရမှာပေါ့နော်။ အပြင်မှာ ဝမ်းစာရဖို့ ခပ်များများ ထွက်လုပ်ဖို့ပဲ ကျနော်တို့ကတော့ တိုက်တွန်းတာ ပေါ့နော်။ တခြားနည်းလမ်းမှ မရှိတာလေနော်။" 

ကရင်နီ အမှတ် (၁) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်းမှာ လူဦးရေစုစုပေါင်း ၁၅,၀၀၀ ဝန်းကျင်ရှိပေမဲ့ စခန်းပြင်ပထွက် အလုပ်သွားလုပ်သူတွေဟာ ၁၀၀ ကျော်ပဲ ရှိသေးတယ်လို့ ကရင်နီဒုက္ခသည် စခန်းက ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူတွေက ဆိုပါတယ်။ 

အလုပ်ခေါ်ယူတာ နည်းနေတဲ့ အခြေအနေ ဖြစ်သလို စခန်းပြင်ပထွက် အလုပ်လုပ်တဲ့သူတွေထဲမှာမှ အဆင်မပြေမှုတွေကြောင့် စခန်းကို ပြန်လာကြတဲ့သူတွေလည်း ရှိနေပါတယ်။ 

ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာ က  “အဓိကက ဒီအပြင်ဘက်မှာ ထွက်လုပ်ရတဲ့အခါမှာ ဒီဒုက္ခသည်စခန်းမှာ လာပြီးကြော်ငြာတဲ့ အခြေအနေနဲ့ တကယ်လက်တွေ့ အပြင်ဘက်မှာ ရောက်တဲ့အခါမှာ တခြားစီဖြစ်နေတယ်ပေါ့နော်။ ဥပမာ နေစရာလည်း မပေးဘူး၊ ကိုယ့်ဟာကိုယ် ငှားရတဲ့ဟာမျိုးတွေ ဖြစ်တယ်။ ပြီး အလုပ်ခွင်မှာ ဝင်ကြတဲ့အခါမှာ လိုအပ်တဲ့ ဦးထုပ်တွေလား၊ ဝတ်စုံ၊ ဖိနပ်တွေကအစ ကိုယ့်ဟာကိုယ် စီစဉ်ဝယ်ရတယ်။ အခန်းငှားခလည်း ရှင်းရတယ်၊ ရေဖိုး မီးဖိုးလည်း ရှင်းရတယ်။ ပြီးလို့ရှိရင်လည်း သွားနေတဲ့ Area မှာကလည်း နည်းနည်း Safe မဖြစ်တာမျိုးတွေကအစ အဲဒီလိုမျိုး ဖြစ်နေရတော့၊ နည်းနည်း လာပြီးတော့မှ ရှင်းပြတဲ့ အခြေအနေနဲ့ တကယ်လက်တွေ့ သွားလုပ်တဲ့အခါမှာ လုပ်ခိုင်းတာ တမျိုး အဲဒီလို ဖြစ်တဲ့အပေါ်မှာ သွားနေတဲ့ Refugee အလုပ်သမားတွေက နည်းနည်း အဆင်မပြေမှုတွေ ပိုများတော့ ပြန်လာကြတာမျိုးတွေကအစ အဲ့လိုတော့ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

စခန်းပြင်ပထွက် အလုပ်လုပ်ကိုင်သူ ၁၂၀ ကျော်လောက်မှာ ၃၀ နီးပါးလောက်က အဆင်မပြေလို့ ပြန်လာကြတယ်လို့လည်း သိရပါတယ်။ 

ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာထောက်ပံ့မှုအပြင် ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း ရပ်နား သွားပြီပဲ ဖြစ်ပါတယ်။ 

ဒုက္ခသည်တွေဟာ စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ရကြပေမဲ့ လုပ်အားခဟာ တရက်ကို ဘတ် ၂၀၀၊ ၃၀၀ ဝန်းကျင်လောက်ပဲ ရရှိတာကြောင့် အကူအညီတွေ အဘက်ဘက်က လျော့ကျနေတဲ့ အခုလို အခြေအနေမျိုးမှာ လုပ်အားခ နည်းပါးမှုတွေကြောင့် အဆင်မပြေမှုတွေလည်း ရှိနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ဆိုပါတယ်။ 

"ဒီ Refugee ရဲ့ အပြင်ဘက် ထွက်လုပ်ရတဲ့အခါမှာ တရက်မှ ၂၀၀ (ဘတ်)၊ အဲဒီလိုမျိုးပေါ့နော်။ ဆိုတော့ တစ်ရက် ၂၀၀ က ရတဲ့ဟာက စားဝတ်နေရေးအတွက် ကြည့်ရမှာလား၊ ကျန်းမာရေး အတွက် ကုရမယ့် အရေးကြီးတဲ့ အပိုင်းတွေလည်း သူတို့ ကြည့်ရသေးတယ်။ အဲဒီလိုမျိုး ဆိုတော့ တော်တော်လေးတော့ ဒုက္ခရောက်နေတဲ့ အနေအထားမျိုးမှာ ရှိတယ်ပေါ့နော်။ ဆိုတော့ ဥပမာ အမျိုးသမီးတဦးက ကလေးမွေးတော့မယ် ဆိုလို့ရှိရင် ကိုယ့်ကား၊ တခြားကားကို ငှားပြီး သွားရတယ်။ ဘာသာပြန် စကားငှားရတယ်။ ဟိုမှာ ကုန်ကျသမျှ ပေးရတယ်။ ပြီးလို့ရှိရင်လည်း ဒီ ခွဲမွေးပြီဆိုလည်း ခွဲမွေးစရိတ်ကအစ အဲ့လိုမျိုးတွေ ပေးရတော့ တော်တော်လေး ခက်ခဲမှုတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီလိုဖြစ်တဲ့အပေါ်မှာ ကျန်းမာရေး နောက်ဆက်တွဲက သိပ်မကု ရဲတော့တဲ့ အနေအထားမျိုးလည်း ကြုံရတာပေါ့လေ။" 

နိုင်ငံတကာ ကူညီထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းဖို့ ၂၀၂၅ ဇန်နဝါရီလထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက ရန်ပုံငွေဖြတ်တောက်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်ကြတဲ့ ဒုက္ခသည် တသိန်းကျော်အတွက် အခုလို အကူအညီတွေ လျော့နည်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013