
ဆွီဒင်ကလပ် AIK အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် နိုင်ဂျီးရီးယား တောင်ပံကစားသမား ဇာဒေါ့ရိုဟန်နာကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ ဘရိုက်တန်အသင်းတို့ဟာ ပေါင်သန်း ၂၀ ကျော်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
ဘရိုက်တန်အသင်းက ကနဦးကမ်းလှမ်းမှုတခု ပြုလုပ်ထားပြီးဖြစ်သလို နယူးကာဆယ်ဘက်ကလည်း ပြောင်းရွှေ့ကြေးကိစ္စတွေကို AIK အသင်းနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကမှ နိုင်ဂျီးရီးယားအကယ်ဒမီကနေ ဆွီဒင်ကလပ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ရိုဟန်နာဟာ ဘယ်ခြေသုံးပြီး ညာတောင်ပံမှာ ကစားတတ်တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ အမြန်နှုန်းနဲ့ တဦးချင်း ကျော်ဖြတ်နိုင်စွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေရဲ့ အထူးစောင့်ကြည့်ခြင်းကို ခံနေရတာပါ။
ပြီးခဲ့တဲ့ ဧပြီလက ကစားခဲ့တဲ့ပွဲစဉ်မှာတင် သူ့ကို စောင့်ကြည့်ဖို့အတွက် ချဲလ်ဆီး၊ တော့တင်ဟမ်၊ ရီးရဲလ်မက်ဒရစ်၊ လိုက်ပ်ဇစ်နဲ့ ဒေါ့မွန် တို့အပါအဝင် ကလပ်ပေါင်းစုံမှ စကောက် ၃၂ ယောက်အထိ လာရောက်ခဲ့ကြပါတယ်။
AIK အသင်းကတော့ ရိုဟန်နာကို ဆွီဒင်လိဂ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းဝန်းကျင် ရရှိမှသာ ရောင်းချဖို့ လိုလားနေပါတယ်။










