
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင် အမျိုးသားတယောက်ကို ပစ်ခတ်သတ်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ အဖွဲ့က ပြောပါတယ်။
အသတ်ခံရတဲ့ အမျိုးသားဟာ ဟတ်စဒင်းကျေးရွာသား အသက် ၅၀ အရွယ် ဦးမြင့်ဆွေ (ခ) ခေါင်းဖြူ ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်တယောက်လည်း ဖြစ်တယ်လို့ ဆိုကာ ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီခွဲခန့်က လမ်းခုလတ်တနေရာမှာ ပစ်ခတ်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုတိုင်းဂါးက ပြောပါတယ်။
“သူ့ဆီကိုလည်း စာရေးပြီး သတိပေးထားဖူးတယ်။ သူက ဂရုမစိုက်တဲ့အပြင် ဆက်လုပ်ဆောင်နေတာရှိတယ်။ ဒါကြောင့် သွားရောက်ရှင်းလင်းလိုက်တာပါ။ ကျန်တဲ့သူတွေလည်း ရှိနေသေးတယ်။ သူက စစ်မှုထမ်းကိစ္စမှာလည်း လူသစ်စုဆောင်းတာတွေမှာ လိုက်ပါဝင်တာရှိတယ်။”
သူဟာ ဟတ်စဒင်းကျေးရွာမှာ ပျူစောထီးသင်တန်းပေးဖို့ လူသစ်စုဆောင်းတဲ့သူ ဖြစ်တယ်လို့ ဆိုထားပြီး စစ်မှုထမ်းတွေအတွက် ပြည်သူတွေဆီကနေ ငွေကောက်ခံရာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ကော့သောင်းပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုင်းဂါးက ပြောပါတယ်။
ဦးမြင့်ဆွေကို ရှင်းလင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းပကဖအဖွဲ့ရဲ့ ပြောဆိုချက်အပေါ်မှာ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ရှင်းလင်းပစ်ခတ်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်နေပြီး သေဆုံးသူအများစုဟာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပျူစောထီးဆိုသူတွေ ဖြစ်ပါတယ်။










