DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့က စစ်ဘေးရှောင် မွတ်ဆလင်များကို AA နေရပ်ပြန်ခွင့်ပြု
DVB
·
January 29, 2025
မောင်တောမြို့က စစ်ဘေးရှောင် မွတ်ဆလင်များကို AA နေရပ်ပြန်ခွင့်ပြု
Donate to DVB

ရခိုင်ပြည်နယ်၊ ​မောင်တောမြို့က မြို့သိမ်းတိုက်ပွဲအတွင်း နေရပ်စွန့်ခွာနေကြရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေကို အာရက္ခတပ်တော် (AA) က နေရပ်ပြန်ခွင့်ပြုလိုက်ပြီလို့ မောင်တောမြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့ ရွှေဇား၊ ကပ္ပကောင်း၊ ဂေါင်ညာ၊ ကန်ဘဲ၊ စေတီပြင်၊ ကမ်းပိုင်းနား၊ ဂုံးနား၊ ရွှေဇားမြောက်၊ ရွှေဇားအလယ်၊ ရွှေဇားအနောက်ရွာတို့က မွတ်ဆလင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၇၄ စုကို ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာ အာရက္ခတပ်တော်က နေရပ်ပြန်ခွင့်ပြုလိုက်တာလို့ မောင်တောမြို့ခံ မွတ်ဆလင်တယောက်က ပြောပါတယ်။

“ပထမအသုတ်မှာ ရခိုင်နဲ့ တခြားမျိုးနွယ်စု စစ်ဘေးရှောင်တွေကို သွင်းပေးတာ။ အခု ဒုတိယအသုတ်အနေနဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေကို ပြန်သွင်းပေးတာဖြစ်တယ်။ နေရပ်ပြန်တဲ့အခါမှာတော့ AA က အိမ်ထောင်စုစာရင်းတွေ သေချာစစ်ဆေးပြီးတော့ သူတို့က ဘုတ်တွေ၊ စက်လှေတွေ စီစဥ်ပြီး ပို့ပေးတာ။ ကိုယ့်အိမ်ကို ပြန်ခွင့်ရတော့ စစ်ရှောင်နေတာထက် အများကြီး အဆင်ပြေသွားတာပေါ့။”

လက်ရှိမှာ အာရက္ခတပ်တော်က နေရပ်ပြန်ခွင့်ပြုထားပြီး ဖြစ်ပေမဲ့ တချို့စစ်ဘေးရှောင်တွေဟာ လေကြောင်းအန္တရာယ် စိုးရိမ်မှုရှိတာကြောင့် နေရပ်မပြန်ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က မြို့တွင်းလုံခြုံရေးအတွက် ဆောင်ရွက်မှုတွေရှိသလို မြို့တွင်းမိုင်းရှင်းလင်းတွေကိုလည်း ပြုလုပ်နေတယ်လို့ နောက်ထပ် မောင်တောမြို့ခံ ရခိုင်လူမျိုးတယောက်က ပြောပါတယ်။

“မြို့အတွင်းအခြေအနေက ပြန်ပြီး စည်ကားစပြုနေပြီလို့ ပြောလို့ရတယ်။ အခု မြို့တွင်းမှာ ရခိုင်ရော၊ မွတ်ဆလင်တွေပါ ပြန်ပြီးနေထိုင်နေကြပြီ။ AA ကတော့ မြို့လုံခြုံရေးနဲ့ မိုင်းရှင်းမှုတွေ ပြုလုပ်ပေးနေတာရှိတယ်။”

သောင်းနဲ့ချီတဲ့ မောင်တောမြို့ခံတွေကို မြို့တွင်းတိုက်ပွဲ ပြင်းထန်လာတဲ့အတွက် အာရက္ခတပ်တော်က သြဂုတ်လအတွင်းမှာ ကယ်ထုတ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်စခန်း အသီးသီးဖွင့်လှစ်ပြီး နေရာချပေးထားခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်ကစပြီး ဇန်နဝါရီ ၂၈ ရက်အထိ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁,၇၀၀ ကျော်က လူဦးရေ ၅,၀၀၀ နီးပါး ဝင်ရောက်နေထိုင်နေကြပြီလို့ အာရက္ခတပ်တော်ရဲ့ စာရင်းတွေအရ သိရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူ ARSA၊ RSO၊ ARA တို့အပြင် စစ်သင်တန်းဆင်း မွတ်ဆလင်တွေက အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013