
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ နည်းပြဟောင်း ကယ်ဗင်ကီးဂန်းဟာ အသက် ၇၅ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သူ့ရဲ့ အသင်းဟောင်း နယူးကာဆယ်နဲ့ မိသားစုဝင်တွေက ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကယ်ဗင်ကီးဂန်းဟာ လီဗာပူးအသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်၊ ဥရောပဖလား စတဲ့ ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သလို ဟမ်းဘတ်အသင်းမှာ ကစားစဉ် ၁၉၇၈ ခုနှစ်နဲ့ ၁၉၇၉ ခုနှစ်တွေမှာ ဘလွန်းဒီအော အကောင်းဆုံး ဘောလုံးသမားဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဗြိတိန်ရဲ့ တဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပွဲပေါင်း ၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး နယူးကာဆယ်၊ ဖူဟမ်၊ မန်ချက်စတာစီးတီးနဲ့ အင်္ဂလန်အမျိုးသားအသင်းတို့မှာလည်း နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။











