DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသမီးငယ် ပဒိုနော်ရှီးဝါးကို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်
DVB
·
January 27, 2025
ကရင်အမျိုးသမီးငယ် ပဒိုနော်ရှီးဝါးကို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်
Donate to DVB

၂၀၂၄ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကရင်အမျိုးသမီးငယ် ပဒိုနော်ရှီးဝါး ကို ပေးအပ်လိုက်တယ်လို့ ဆုချီးမြှင့်တဲ့ ဖန်းဖောင်ဒေးရှင်းက ဇန်နဝါရီ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ပဒိုနော်ရှီးဝါးဟာ ဘားအံခရိုင်၊ အရေးပေါ်ထောက်ပံ့ရေးကော်မတီရဲ့ စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနအကြီးအကဲဖြစ်ပြီး ဘားအံခရိုင်မှာ တယောက်တည်းသော အမျိုးသမီးခေါင်းဆောင်နဲ့ အသက်အငယ်ဆုံး အမှုဆောင်ကော်မတီဝင်ဖြစ်သလို ဒီလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာ ၁၂ နှစ်ရှိပြီလို့ ဆိုပါတယ်။

ပဒိုနော်ရှီးဝါးက “ဒီအလုပ်တွေကို စတင်လုပ်လာကတည်းက ဒီလိုဆုမျိုးရဖို့ တခါမှ စိတ်ကူးမယဉ်ဖူးသလို ကျမအတွက် အရမ်းမမျှော်လင့်ထားပါဘူး။ ကျမအတွက် ကြီးမားတဲ့ အားပေးမှုတခုဖြစ်သလို တခြား လူငယ်ခေါင်းဆောင်တွေအတွက်လည်း လူတွေကိုကူညီဖို့၊ အလုပ်တွေ ဆက်လုပ်ဖို့အတွက် တွန်းအားဖြစ်စေမှာပါ။ အဘိုး ပဒိုမန်းရှာက ပြောပါတယ်။ ကျမတို့ဟာ ပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အမှန်တကယ်လိုချင်ရင် အလုပ်တွေတကယ်လုပ်ရမယ်တဲ့။ သူ့စကားက ကျမတို့အတွက် အရမ်းအရေးကြီးပြီး အဖိုးတန်ပါတယ်” လို့ ပြောပါတယ်။

ပဒိုနော်ရှီးဝါးဟာ ကရင်တိုက်ပွဲတွေအကြောင်း လူထုကိုအသိပညာပေးတာ၊ ကူညီတာ၊ ဒုက္ခသည်တွေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို ခိုလှုံခွင့်ပေးတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်အများအပြားဟာ စစ်တပ်ရဲ့ ဖြိုခွင်းဖမ်းဆီးမှုတွေကြောင့် ကရင်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြပြီး အများစုက ဘားအံခရိုင်မှာ ခိုလှုံကြလို့ သူတို့ကို ပဒိုနော်ရှီးဝါးက အကူအညီတွေပေးခဲ့တယ်လို့လည်း ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

သူ့ကိုဆုအတွက် အမည်စာရင်းတင်ပေးခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်စီညဖောကလည်း ပဒိုနော်ရှီဝါးဟာ လူငယ်တွေအတွက် စံနမူနာယူစရာကောင်းသူ တယောက်ဖြစ်ပြီး အထူးသဖြင့် ကရင်အမျိုးသမီးငယ်တွေအတွက် အလွန်သတ္တိရှိပြီး ရဲရင့်တယောက်လို့ ဆိုပါတယ်။

ဆုအဖြစ် အမေရိကန်ဒေါ်လာ ၄,၀၀၀ ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာကျင်းပမဲ့ ၇၆ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ချီးမြှင့်မှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ကရင်လူငယ်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုက ရရှခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကတော့ ကေအန်ယူ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်က ထိုလွီဝါး အထက်တန်းကျောင်းအုပ်လည်းဖြစ်၊ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသူလည်းဖြစ်တဲ့ နော်ဟေသီဂျူးက ရရှိခဲ့ပါတယ်။

ဖန်ဖောင်ဒေးရှင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနဲ့ နန့်ကြည်ရွှေတို့ အမှတ်တရအဖြစ် ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပညာရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် ကရင်လူမျိုးတွေကို ကူညီပံ့ပိုးပေးနေပါတယ်။

Photo - ဖန်းဖောင်ဒေးရှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013