DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းထားသူ ၁၅ ဦး အလင်းဝင်လာ
DVB
·
January 26, 2025
စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းထားသူ ၁၅ ဦး အလင်းဝင်လာ
1 / 5
Donate to DVB

စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူ ၁၅ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ နေပြည်တော် PDF တို့က ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ပြီး ရှေ့တန်းပို့ခံရသူတွေက စစ်မတိုက်လိုတဲ့အတွက် တပ်ရင်းတွေဆီအလင်းဝင်လာတာ ဇန်နဝါရီလမကုန်ခင်မှာဘဲ ၈ ယောက် ရှိနေတယ်လို့ KNDF က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခမရ ၄၃၀ တပ်ရင်းကနေ စစ်သင်တန်း ၁၁ ပတ်ကြာတက်ရောက်ပြီး ရှေ့တန်းပို့ခံရတဲ့ တပ်သား ၃ ယောက်ဟာ ရှေ့တန်းကင်းစခန်းတခုကနေ  ဇန်နဝါရီ ၁၉ ရက်နေ့မှာ KNDF တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဆိုပါတယ်။

လွိုင်ကော်အခြေစိုက် ခလရ ၂၆၁ တပ်ရင်းကနေလည်း တပ်သား ၁  ယောက်ဟာလည်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ MA 11 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေ သယ်ဆောင်ပြီး KNDF ဆီ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ပြီးတော့ လွိုင်လင်လေးမြို့ပြင် ထီးစဲခါး ကင်းစခန်းတခုကနေ ထွက်ပြေးလာတဲ့ ခလရ ၄၂၇ တပ်ရဲ့ တပ်သား ၄ ယောက်ဟာလည်း MA 3 ၃ လက်၊ MA 1 ၁ လက် တို့နဲ့အတူ ဇန်နဝါရီ ၂၃ ရက်နေ့မှာ KNDF ဆီ ခိုလှုံလာတယ်လို့ ဆိုပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက “စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေက အလုပ်မဖြစ်ဘူးဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်မှာ တပ်သားသစ် စုဆောင်းခံရသူတွေကို ပြောချင်တာကတော့ ပြည်သူလူထုတွေဆီကိုလာပြီး ဝင်ရောက်ခိုလှုံဖို့ အကြံပြုလိုပါတယ်” လို့ ပြောပါတယ်။

သူတို့တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒလုံးဝမရှိကြဘဲ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရတာ၊ အတင်းအဓမ္မ  စုဆောင်းတာကို ခံရသူတွေဖြစ်ကြပြီး ပေါ်တာဆွဲခံရသူတွေ၊ စစ်မှုထမ်းဖို့မဲပေါက်သူတွေ ရှေ့တန်းရောက်လာတဲ့အခါ စစ်အာဏာရှင်လူတစုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်မယ့်အစား စစ်ကောင်စီတပ်ကို စွန့်ခွာ၊ ပြည်သူလူထုဆီမှာခိုလှုံပြီး ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်ကိုဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းပို့ခံရတဲ့ တပ်သားတွေထဲက စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာပြီး ကရင်နီက တော်လှန်ရေးအင်အားစုတွေဆီမှာ ခိုလှုံလာတာ အယောက် ၁၀၀ ဝန်းကျင်ရှိပြီလို့ KNDF ကတဆင့် သိရပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးအပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ တိုင်း ဦးဆောင်အဖွဲ့က ဇန်နဝါရီ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သူတို့တွေမှာ ပါလာတဲ့ MA-3 ၂ လက်၊ MA-1 ၄ လက်၊ ကျည် ၅၉၃ တောင့်၊ ကျည်ဘောက် ၁၃ ခုတို့ကို တိုင်းဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံယူခဲ့ပြီး တပ်သားတွေရဲ့ အချက်အလက်တွေကို စစ်ဆေးမေးမြန်းမှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့တပ်သားတွေကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ကောင်စီလက်အောက်မှာ ဆက်လက် အမှုထမ်းနေတဲ့ တပ်သားတွေအနေနဲ့ အာဏာရှင်တစုရဲ့အကျိုးအတွက် ဆောင်ရွက်နေတာကို အမြန်ဆုံးစွန့်လွှတ်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013