DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအဖွဲ့ဖွဲ့စည်းနိုင်ဟု စစ်ကောင်စီ ဒုဝန်ကြီးပြောပြီးနောက် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် အလုပ်ထုတ်ခံရ
DVB
·
January 24, 2025
အလုပ်သမားအဖွဲ့ဖွဲ့စည်းနိုင်ဟု စစ်ကောင်စီ ဒုဝန်ကြီးပြောပြီးနောက် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် အလုပ်ထုတ်ခံရ
Donate to DVB

အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ်လို့ စစ်ကောင်စီခန့် အလုပ်သမား ဒုဝန်ကြီးက ပြောပြီးရက်ပိုင်းအကြာမှာ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက် အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှူဇုန်ရှိ Sunrise (Myanmar) Fashion အထည်ချုပ်စက်ရုံမှ သမဂ္ဂခေါင်းဆောင်ဟာ ဇန်နဝါရီ ၂၁ ရက်က အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံရတာလို့ ဆိုပါတယ်။

ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတယောက်က “အလုပ်သမားသမဂ္ဂတွေကို အလုပ်ရှင်တွေက မလိုလားဘူးဆိုတာ ပေါ်လွင်စေတယ်။ ရှေ့မှာလည်း အလားတူ အလုပ်သမားသမဂ္ဂဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တဲ့ဖြစ်ရပ်တွေ မကြာခဏရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ်လို့ ဇန်နဝါရီ ၁၁ ရက်က ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်ရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပြီးနောက်မှာ အဲဒီအလုပ်သမားသမဂ္ဂ ခေါင်းဆောင် အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။

အရင်ကလည်း Sunrise (Myanmar) Fashion အထည်ချုပ်စက်ရုံမှာ သမဂ္ဂဥက္ကဋ္ဌကို အလားတူ အလုပ်မှ ထုတ်ခဲ့သလို အလုပ်သမားအခွင့်အရေးတွေကို ဆက်တိုက်ချိုးဖောက်ကျူးလွန်နေတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ထားပါတယ်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနတွေက လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားအရ အဆင့်ဆင့်တည်ထောင်ဖွဲ့စည်းနိုင်တယ်လို့ ဦးဝင်းရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပြဋ္ဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်ဆိုတဲ့ အစီရင်ခံစာထွက်ရှိထားပြီး ဒဏ်ခတ်အရေးယူဖို့ရှိနေချိန်မှာ စစ်ကောင်စီဘက်က အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းနိူင်တယ်လို့ ဝါဒဖြန့်ပြောဆိုလာပေမဲ့ မြေပြင်မှာတော့ ကွဲလွဲမှုတွေရှိနေတာ ဖြစ်ပါတယ်။

အခုလို အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ လုပ်ဆောင်တဲ့ ခေါင်းဆောင်တွေကို အလုပ်ကနေ ထုတ်ပယ်တာကို ဦးစီးဌာနဘက်မှ အရေးယူဖို့ ပျက်ကွက်တာကြောင့် ဘယ်အလုပ်ရှင်မှ အလေးမထားဘဲ ဆက်လက်ကျူးလွန်နေတာလို့ STUM က ဆိုပါတယ်။

ဒီလို အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ အလုပ်ရုံ၊ စက်ရုံတွေကို ထိရောက်တဲ့ အရေးယူ အပြစ်ပေးတာ မရှိရင် ILO ရဲ့ စွပ်စွဲချက်တွေကို သက်သေခံရာရောက်တယ်လို့လည်း STUM က မှတ်ချက်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013