ကုလသမဂ္ဂအဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးအတွက် လာမဲ့ ၂ နှစ်အတွင်း အဆင့်မြင့် ခေါင်းဆောင်ပိုင်း ရာထူးနေရာတွေကို လျှော့ချဖျက်သိမ်းသွားမှာဖြစ်ပြီး အထက်ပိုင်းမှာ ရာထူးတွေ အရမ်းများနေတဲ့ သက်တမ်း နှစ်ပေါင်း ၈၀ ရှိပြီဖြစ်တဲ့ အဖွဲ့အစည်းကြီးကို ပိုမိုသွက်လက် ထိရောက်လာအောင် လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်ကုန်မှာ ရာထူးကနေ အနားယူတော့မဲ့ ဂူတာရက်စ်ဟာ အမေရိကန် အပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့က ကြွေးကျန်တွေ မပေးသွင်းလို့ ဘဏ္ဍာရေးကျပ်တည်းနေချိန်မှာ ပြတ်သားတဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အသုံးစရိတ် လျှော့ချဖို့ တောင်းဆိုခဲ့တာပါ။
သူဟာ ‘UN80’ လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ ၂၀၂၆ ဘတ်ဂျက်ကို လျှော့ချနိုင်ခဲ့သလို ဂျီနီဗာနဲ့ နယူးယောက်က ရာထူးနေရာပေါင်း ၂,၀၀၀ ကျော်ကိုလည်း ကုန်ကျစရိတ်သက်သာတဲ့ စခန်းတွေဆီ ပြောင်းရွှေ့ပေးနိုင်ခဲ့လို့ သိသာတဲ့တိုးတက်မှု ရှိနေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် ခက်ခဲတဲ့ရွေးချယ်မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေသေးသလို အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း အချိန်ဆွဲမနေဘဲ ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
လာမဲ့နှစ် ဘတ်ဂျက်မှာ အဆင့်ဆင့်အုပ်ချုပ်တဲ့ စနစ်တွေကို လျှော့ချဖို့နဲ့ ၂၀၂၈ ခုနှစ်အထိ ဆက်လုပ်မဲ့ အဆင့်မြင့်ရာထူးနေရာ လျှော့ချရေး လုပ်ငန်းစဉ်တွေကို စတင်သွားမှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ စခန်းတွေဆီ ရာထူးနေရာ ပြောင်းရွှေ့တာတွေကိုလည်း ဆက်လုပ်သွားမယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
ဘတ်ဂျက်စာရွက်စာတမ်းတွေအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆင့်မြင့်ရာထူးတွေ တိုးပွားလာခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် ကုန်ကျစရိတ်လျှော့ချရေး အစီအစဉ်တွေမှာတော့ အဆင့်မြင့် အရာရှိကြီးတွေကို လျှော့ချတာက အောက်ခြေဝန်ထမ်းတွေကို လျှော့ချတာထက် အများကြီး နည်းပါးနေသေးတာကို တွေ့ရပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဩဇာအာဏာအတွက် ဒီလို အဆင့်မြင့်ရာထူး အများစုကို အလွတ်သဘော ရယူထားကြတာ ဖြစ်ပါတယ်။
ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စနစ်တကျနဲ့ ဗျူဟာမြောက်တဲ့ ‘UN80’ ပြုပြင်ပြောင်းလဲမှုဖြစ်အောင် အတူတကွ ပုံဖော်မောင်းနှင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂကို ကြွေးကျန် ဒေါ်လာ ၄ ဘီလီယံဝန်းကျင် ပေးစရာရှိနေတဲ့ အမေရိကန်နိုင်ငံကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပဲ အဓိကအာရုံစိုက်တဲ့၊ ပိုမိုထိရောက်ထက်မြက်တဲ့ ကုလသမဂ္ဂ ဖြစ်လာဖို့ ထပ်တလဲလဲ တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ ဂူတာရက်စ်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ ယှဉ်ပြိုင်နေကြတဲ့ လျာထားခံရသူ ကိုယ်စားလှယ်လောင်း ၅ ယောက်ထဲက တချို့ကလည်း နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။
Source: Reuters










