DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စစ်တပ်က အရပ်သား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ လင်မယား ၂ ဦးကို ဖမ်းဆီး
DVB
·
January 24, 2025
စစ်တွေတွင် စစ်တပ်က အရပ်သား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ လင်မယား ၂ ဦးကို ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမှာ ဇန်နဝါရီ ၁၉ ရက်က မြို့ခံတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဇန်နဝါရီ ၂၂ ရက်ကလည်း နောက်ထပ် မြို့ခံ လင်မယား ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့ စံပြရပ်ကွက်က အသက် ၅၀ အရွယ် ဦးကျော်လင်းကို စစ်ကောင်စီရဲ့ ဒကစ အခြေစိုက် တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှာ သူ့ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့တယ်လို့ စစ်တွေမြို့ခံက ပြောပါတယ်။

“သူက စံပြရပ်ကွက်ကလို့ သိရတယ်။ ဇန်နဝါရီ ၁၉ ရက်က ပျားလည်ချောင်းရွာက အပြန်မှာ ဒကစက စစ်သားတွေက ဖမ်းဆီးပြီးတော့ နောက်တနေ့ ၂၀ ရက်နေ့မှာတော့ သူသေဆုံးသွားပြီးဖြစ်ကြောင်း မိသားစုတွေကို အသိပေးတာ။ အလောင်းကိုလည်း မိသားစုဝင်တွေ ရကြတာမဟုတ်ဘဲ စစ်ကောင်စီက သင်္ဂြိုဟ်လိုက်တာ။”

ဦးကျော်လင်းကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်မှုရှိတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်တွေမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ရှိနေတာဖြစ်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်း အမျိုးသားတွေကို အဓိကထား ဖမ်းဆီးလာတာလို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်ကလည်း စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်က လင်မယား ၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး အမှတ် ၁ မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အုန်းတပင်ရပ်ကွက်နေသူတယောက်က “သူတို့လင်မယားနှစ်ယောက်ကို ရဲသား ၁၀ ယောက်လောက်က ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းမှာ အိမ်မှာ လာဖမ်းသွားတာ။ အမှတ် ၁ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိထားရတယ်။ ဘာကြောင့်ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရသူတွေကတော့ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်က ကိုကိုမိုး (၄၁ နှစ်) နဲ့ မသက်ဝင်း (၄၀ နှစ်) တို့ ဖြစ်ကြပါတယ်။

ဇန်နဝါရီ ၁၆ ရက်က စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြပြီး စစ်ကောင်စီက ဝါဘိုကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး AA က  ၁၅  မြို့နယ် ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013