DVB Logo
Home
မြန်မာသတင်း
မောတောင်ဘက်ထွက်လာသည့် စစ်တပ်ရိက္ခာဖြည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
January 23, 2025
မောတောင်ဘက်ထွက်လာသည့် စစ်တပ်ရိက္ခာဖြည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီမြို့နယ်ကနေ မောတောင်ဘက်ကို ရိက္ခာဖြည့်ဖို့ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်မိုင်းဆွဲခံသလို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် ကားတစီး မီးလောင်ကျွမ်းသွားပြီး ကားပေါ်လိုက်ပါလာတဲ့ လူ ၂ ယောက်ထဲက တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက် ၈ နာရီခန့်က ဇဝဲဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ညောင်ပင်ကုန်းရွာကနေ လယ်ဦးရေတံခွန်အထိ မိုင်း ၁၀ လုံးကျော်ခန့် ဆက်တိုက်ဆွဲခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ PDF တွေက အရပ်သားကားကို မိုင်းဆွဲခံရတာကြောင့် ယာဉ်မောင်းသမားတယောက်နဲ့ နောက်အမျိုးသားတယောက်တို့ မိုင်းစထိမှန်ခဲ့တယ်လို့ ရေးသားဖော်ပြထားပြီး အဆိုပါကားဟာ အရပ်သား မောင်းနှင်းလာတာ မဖြစ်နိုင်ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီကားတွေက စစ်တပ်ရိက္ခာကားတွေပဲ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကလည်း သူတို့ ရိက္ခာတင်ဆောင်ရင် အရပ်သားကားတွေနဲ့ တင်ဆောင်တာလေ၊ သူတို့က စစ်သားယူနီဖောင်း မဝတ်ထားတဲ့ လူတွေအားလုံးက အရပ်သားပေါ့လေ၊ ဒါပေမဲ့ ဖြစ်ချင်ဖြစ်မှာပဲ။ သူတို့က မောတောင်ဘက်ကို အဓိကတက်လာတာလေ၊ လက်နက်ခဲယမ်းအပြည့်ပါတယ်၊ စစ်သားတွေလည်း ပါတယ်။”

အဆိုပါ မိုင်းထိမှန်သူ ၂ ယောက်ထဲက တယောက်မှာ အဆိုပါနေ့မှာပဲ သေဆုံးခဲ့တယ်လို့ သိရပြီး အရပ်သားပြည်သူ ဟုတ်၊ မဟုတ်ကိုတော့ DVB က စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

အဆိုပါနေ့မှာ တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဘက်မှာ ရောက်နေတဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးတွေ သွားကြဲခဲ့ပြီး ကားတစီးမှာ ဗုံးသီးထိမှန်တာကြောင့် ပေါက်ကွဲသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“၆ စီးမှာ လယ်ဦးကနေ ဖြတ်တက်လာတာ ၃ စီးပဲကျန်ပြီး ကြားမှာ ကျန်ခဲ့တယ်ဖြစ်မယ်။ ကျန်ခဲ့ချိန်မှာ ကား ၃ စီးကို ပြန်ယူဆောင်ဖို့ဆိုပြီး သူတို့(စကစ) လူစုလိုက်သေးတယ်၊ ကားစုနေတဲ့ နေရာကို ဒရုန်းနဲ့ ပြန်သွားချသေးတယ်။ ဒရုန်းနဲ့ သွားချလိုက်တော့ မဖြစ်တော့ဘူး ထင်တယ်၊ ဒရုန်းသွားချချိန်မှာ ကားက မီးအရှိန်ပြင်းပြင်းလောင်နေတာတဲ့။ အရင်တုန်းက မိုင်းတွေ ထိတဲ့နေရာလောက်ပဲ ပျက်စီးတယ်လေ။ အခုက အထဲက ယမ်းတွေထိပြီး ပေါက်ကွဲတာ ထင်တယ်။”

စစ်ကောင်စီ လော်ဘီချန်နယ်တခုမှတော့ ပေါက်ကွဲသွားတဲ့ကားဟာ ရော်ဘာကားတစီး ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီမတိုင်ခင် ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီဝန်းကျင်က ရမ်းဖိုရွာဘက်မှာ ရောက်နေတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၃ ကြိမ် သွားချခဲ့ကာ သေဆုံးသူတွေ ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဆိုပါနေ့က ကားလမ်းတလျှောက် လမ်းကင်းချထားသူနဲ့ ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ဦးရေ ၂၀၀ ကျော်ခန့် ရှိတယ်လို့ သိရပြီး တိုက်ခိုက်ခံရပြီးနောက် သေနတ်တွေနဲ့ ပစ်ခတ်သလို ၃၀၆ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မော်တုန်းရွာသားတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013