DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆက်ကြိုးစားရမည်ဟု NUG ယာယီသမ္မတပြော
DVB
·
January 21, 2025
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆက်ကြိုးစားရမည်ဟု NUG ယာယီသမ္မတပြော
Donate to DVB

NUG အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့ပြီးပေမဲ့ ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင်သေးကြောင်း၊ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့် ကာလမဟုတ်ကြောင်း ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ဒီနေ့လုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစည်းအဝေးမှာပြောတာဖြစ်ပြီး ဒေသတွင်း သံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် တွန်းတွန်းတိုက်တိုက်ကြိုးစားဖို့ လိုနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောပါတယ်။

“ကျနော်တို့ရဲ့ လက်ရှိတော်လှန်ရေးခရီးဟာ ယခင်ထက်ခရီးများစွာ ပေါက်မြောက်ခဲ့ပြီးဖြစ်တယ် ဆိုတာကို လက်ခံကြဖို့ ဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာ နဂိုရှိရင်းစွဲအနေအထားထက် တော်လှန်ရေးခရီး မှတ်တိုင်ပေါင်းများစွာကို ကျနော်တို့အားလုံးဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ရေးမှာ စစ်ရေးနဲ့နိုင်ငံရေးအပြင် ဘဏ္ဍာရေး ကဏ္ဍကလည်း အရေးတကြီးပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ဘဏ္ဍာရေးဒေါက်တိုင်တွေ ယိုယွင်းသထက် ယိုယွင်းလာစေရေးအတွက် ကျနော်တို့ဟာ စစ်ရေးနည်းလမ်းအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့လည်း ကြိုးစားလုပ်ဆောင်ဖို့လိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်ရှူပေါက်ကို ချောင်အောင်လုပ်ပေးနေတဲ့ ဒေသတွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကျနော်တို့ဘက်က တွန်းတွန်းတိုက်တိုက် ကြိုးစားဖို့ လိုနေသေးတယ်လို့ထင်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စကိုလည်း အားထည့်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။”

ပြီးခဲ့တဲ့စနေနေ့က ချင်းအင်အားစုတွေနဲ့ တော်လှန်ရေးရန်ပုံငွေမျှဝေသုံးစွဲမှု အခမ်းအနားနဲ့ ပတ်သက်ပြီးတော့လည်း ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး လိုရင်းပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် မဟာမိတ်တွေနဲ့အတူ ရှိနေတဲ့ရင်းမြစ်တွေကို မျှဝေသုံးစွဲရမယ်လို့ ခံယူကြောင်းဆိုပါတယ်။

ဆက်ပြီးတော့ “အခုဆိုရင် ကျနော်တို့ရဲ့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ထင်ပါတယ်။ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ‘ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ရတဲ့သဘောမျိုး မဟုတ်ဘူး’ ဆိုတာ နားလည်ဖို့လိုပါတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ဖြစ်စဉ်ဖြစ်တယ်၊ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ တော်လှန်ရေးခရီးတလျှောက်လုံး ဒီဖြစ်စဉ်ကိုအသက်ဝင်အောင် ကြိုးစား တည်ဆောက်နေဖို့ လိုပါတယ်။ ဒါမှသာ ပိုမိုအားကောင်းတဲ့ မဟာမိတ်ရေးရာ နိုင်ငံရေးပဋိညာဉ်တွေကို ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်နဲ့ တည်ဆောက်နိုင်မယ်လို့ ယူဆပါတယ်။ တည်ဆဲအခြေအနေဟာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ ဆက်လက်ရရှိရေးဟာ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက်လည်း အရေးကြီးသလို၊ နွေဦးတော်လှန်ရေးတခုလုံးအတွက်လည်း အင်မတန်အရေးကြီးတယ်ဆိုတာ မေ့လို့မရဘူးလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိနေတဲ့ PDF တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တညီတညွတ်တည်းဖြစ်အောင် ဆက်လက်တည်ဆောက်နေဖို့၊ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အာဆီယံအနေနဲ့ မြန်မာအခြေအနေကို စတင် နားလည်လက်ခံစ ပြုလာတာကိုကြိုဆိုပြီး အခုနှစ်မှာ မလေးရှားနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာပဋိပက္ခကို ပြေလည်စေရေးလမ်းစကို ရောက်ရှိစေဖို့ ပိုထိရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေရှာဖွေနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဆက်ပြီးတော့ “တကယ်တော့ သမိုင်းတလျှောက် အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရနိုင်သမျှနည်းလမ်းတွေသုံးပြီး ထွက်ပေါက်ရှာမှာပဲ ဖြစ်ပါတယ်။  လူတစု အာဏာရူးပြီး စိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့အကျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ လူမှုယန္တရားတခုလုံး ပြိုကျပျက်စီးသွားခဲ့ရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတော်လှန်ရေးဟာ သမိုင်းတလျှောက် တော်လှန်ရေးတွေနဲ့ယှဉ်ရင် အားရကျေနပ်စရာတွေ အများကြီးရရှိခဲ့တယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရမှုတွေလည်း အလွန်များတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့လည်း ကျနော်တို့အားလုံး ခုချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကဘေဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ဝန်ကြီးဌာနအချင်းချင်း တိုင်ပင်ဆွေးနွေးမှုတွေ၊ တော်လှန်ရေးမဟာမိတ်အင်အားစုအသီးသီးနဲ့ တိုင်ပင်ဆွေးနွေးမှုတွေဟာ အင်မတန် အရေးကြီးကြောင်း၊  အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေကို ရလဒ်ထွက်တဲ့အထိ လုပ်နိုင်ဖို့ လိုမှာ ဖြစ်ကြောင်း၊ ဘယ်နှကြိမ်တွေ့ဆုံကြသလဲက အရေးမကြီးဘဲ ဘာရလဒ်တွေ ထွက်သလဲကပဲ ပိုအရေးကြီးပါကြောင်း၊ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားကြပြီး ထွက်ပေါ်လာတဲ့ရလဒ်တွေကို အောင်မြင်တဲ့လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်တဲ့အထိ အားထုတ်ကြရမယ်လို့လည်း ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013