
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GANHRI) က ဇန်နဝါရီ ၁၆ ရက်မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ စစ်အာဏာသိမ်းစကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီနဲ့ လုံးလုံးလျားလျား ပတ်သက်နေပြီး စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာလည်း နှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ယုံကြည်စိတ်ချရသော၊ လွတ်လပ် အမှီအခိုကင်းသော၊ ထိရောက်သော စတဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) တွေအတွက် စံနှုန်းသတ်မှတ်ထားတဲ့ ပါရီအခြေခံမူတွေကို ချိုးဖောက်ခဲ့တာလို့ ဆိုပါတယ်။
MNHRC ဟာ စစ်အုပ်စုရဲ့ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စုရဲ့ မှားယွင်းတဲ့ ထုတ်ဖော်တင်ပြမှုတွေနဲ့ တင်ပြပြောဆိုမှုတွေကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေးနေပြီး MNHRC ဟာလည်း စစ်အုပ်စုရဲ့ ရာဇ၀တ်မှုတွေမှာ အလိုတူအလိုပါအဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း GANHRI က အပြီးသတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းစကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၆,၂၀၀ နီးပါး သေဆုံးခဲ့ပြီး ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူ ၁၀,၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။











