
ရာထူးသက်တမ်း ကုန်ဆုံးသွားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သူ့မိသားစုဝင် ၅ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး သူတို့ကို “အခြေအမြစ်မရှိတဲ့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ” နဲ့ ပစ်မှတ်ထားခံရခြင်းမှ ကာကွယ်ပေးချင်တယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူတွေထဲမှာ ဘိုင်ဒင်ရဲ့ ဒုတိယမြောက်နှမ ဗာလရီနဲ့ သူ့ခင်ပွန်း ဂျွန်၊ တတိယမြောက် ညီငယ် ဂျိမ်းစ်ဘိုင်ဒင်နဲ့ သူ့ဇနီး ဆာရာ၊ စတုတ္ထမြောက် ညီအငယ်ဆုံး ဖရန်စစ်စ်ဘိုင်ဒင်တို့ ပါဝင်ပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဘိုင်ဒင်က “သူ့ရဲ့မိသားစုဟာ မဆုတ်မနစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရပြီး ဒါတွေဟာ သူ့ကို ထိခိုက်စေလိုတဲ့ ဆန္ဒတခုတည်းနဲ့ လှုံ့ဆော်ခဲ့တာဖြစ်ပြီးတော့ အဆိုးဝါးဆုံး ပါတီနိုင်ငံရေးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခဲ့ရာမှာ ရီပတ်ဘလစ်ကန် ဆက်ခံသူ ဒေါ်နယ်ထရမ့်ပ်က လက်တုံ့ပြန်ဖို့ ပစ်မှတ်ထားခံနေရတဲ့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ မာ့ခ် မစ်လနဲ့ အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာ အကြံပေးဟောင်း အန်ထနီ ဖောက်ချီ တို့လည်း ပါဝင်ပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ လွန်ခဲ့တဲ့ ၄ နှစ် ဇန်နဝါရီ ၆ ရက်က လွှတ်တော်အဆောက်အဦကို စီးနင်းမှုအပေါ် စုံစမ်းစစ်ဆေးတဲ့ ကွန်ဂရက်လွှတ်တော် ရွေးချယ်ရေးကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥပဒေပြုအမတ်တွေ အားလုံးနဲ့ သက်သေထွက်ဆိုခဲ့တဲ့ ရဲအရာရှိတွေလည်း ပါဝင်ပါတယ်။
ထရမ့်ပ်ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက သူ့ရန်သူလို့ သဘောထားသူတွေကို တရားစွဲဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။
ဘိုင်ဒင် ကတော့ ပြည်သူ့ဝန်ထမ်းတွေကို “အမေရိကန် ဒီမိုကရေစီရဲ့ အသက်သွေးကြောတွေ” အဖြစ် ချီးကျူးခဲ့ပါတယ်။
“ဒီပြည်သူ့ဝန်ထမ်းတွေဟာ ငါတို့နိုင်ငံကို ဂုဏ်သရေရှိစွာနဲ့ ထမ်းဆောင်ခဲ့ကြပြီး တရားမျှတမှုမရှိတဲ့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ တရားစွဲဆိုမှုတွေရဲ့ ပစ်မှတ်တွေ မဖြစ်ထိုက်ပါဘူး” လို့ ဘိုင်ဒင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ထဲမှာ ၁၉၇၅ ခုနှစ်တုန်းက FBI အေးဂျင့် ၂ ယောက်ကို သတ်ဖြတ်မှုအတွက် ဖက်ဒရယ်အကျဉ်းထောင်မှာ နှစ်ပေါင်း ၅၀ နီးပါး ထောင်ဒဏ်ကျခံနေရဆဲ နေးတစ်ဗ် အမေရိကန် တက်ကြွလှုပ်ရှားသူ လဲနာ့ဒ် ပဲလ်တီယာကို ချမှတ်ထားတဲ့ တသက်တကျွန်း ပြစ်ဒဏ်ကိုလည်း လျှော့ပေါ့ပေးခဲ့ပါတယ်။
ပဲလ်တီယာဟာ သူ့ရဲ့ ကျန်ရှိပြစ်ဒဏ်ကို နေအိမ်အကျယ်ချုပ် ကျခံရမှာ ဖြစ်ပါတယ်။
Source : Reuters










