
စက်သုံးဆီ အရောင်းဆိုင်တွေမှာ ရောင်းတဲ့ ရည်ညွှန်းဈေး နည်းနည်းပြန်ကျလာပေမဲ့ မှောင်ခိုဈေးကွက်မှာတော့ အမြင့်ဈေးနဲ့ အရောင်းဝယ်ဆက်ဖြစ်နေသေးတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဧပြီ ၂၄ ရက်က အောက်တိန်းဆီ ၁ လီတာကို ၅၀ ကျပ်နီးပါးနဲ့ ဒီဇယ်ဆီက ၇၀၀ ကျပ်နီးပါး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုအရောင်းဆိုင်တွေမှာ စက်သုံးဆီဈေးကျလာပေမဲ့ လိုသလောက် ဝယ်မရသေးတာနဲ့ ကန့်သတ်ချက်တွေ ဆက်ရှိနေတာကြောင့် မှောင်ခိုဈေးကွက်မှာ လိုက်ကျသွားတာမရှိသေးဘူးလို့ စက်သုံးဆီဝယ်ရောင်း လုပ်နေသူတယောက်က ပြောပါတယ်။
“ရည်ညွန်ဈေးထပ်ကျရင် အပြင်ဈေးလည်း ဆက်မတောင့်နိုင်ဘူး။ ကျတာကကျမှာ။ ဝယ်လိုအားလေး ရှိနေတော့ တချို့က ရသလောက် တင်ရောင်းနေတာမျိုး ဖြစ်တဲ့သဘော”
လက်ရှိ မှောင်ခိုဆီဈေးကွက်မှာ အောက်တိန်း ၁ လီတာကို ၁၀,၀၀၀ ကျပ်နီးပါးနဲ့ ဒီဇယ်က ၁၂,၀၀၀ ကျပ်နီးပါး ပေါက်ဈေးရှိနေတာဖြစ်ပြီး ပေပါလိုက်ဈေးကတော့ ကြိုက်ရောင်း ကြိုက်ဝယ် အနေအထားရှိတယ်လို့ မှောင်ခိုဈေးကွက်ဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီအခက်အခဲ ကြုံခဲ့ရပြီးနောက် ကားတွေကို စုံ၊ မ ရက်ခွဲ အသုံးပြုစေတာ၊ ကားတွေကို QR ကုဒ် ဘားကုဒ်ဖတ်ပြီး ခွဲတမ်းနဲ့ ဆီဝယ်ခိုင်းတာတွေကြောင့် လိုင်စင်မဲ့ကားနဲ့ ဆီမလောက်တဲ့ကားတွေဟာ မှောင်ခိုဆီဈေးကွက်ကို အားထားလာရသလို လျှပ်စစ်မီးပျက်လို့ မီးစက်မောင်းရတဲ့ လုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေအနေနဲ့လည်း မှောင်ခိုဆီကို ဝယ်သုံးနေရတာ ဖြစ်ပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ ရည်ညွှန်းစျေးဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပြဿနာတွေ စတင်ပြီးနောက်ပိုင်း ပထမဆုံးကျလာတာဖြစ်ပြီး ဆက်လက်ကျဆင်းမဲ့ အလားအလာ တွေ့ရတယ်လို့လည်း ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။










