
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဝန်းကျင်က ကျေးရွာမီးလောင်ပြင်တွေမှာ စစ်ကောင်စီက နင်းမိုင်းတွေချထားတာကြောင့် ရွာထဲပြန်ဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းနဲ့ ချင်းတွင်းမြစ်ကမ်းကိုသွားရာလမ်းတလျှောက် ကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သလို နင်းမိုင်းတွေချထားခဲ့တာပါ။
ဝမ်ပေါင်ကြေးနီစီမံကိန်းအရှေ့ဘက်၊ ညောင်ပင်ကြီးရဲစခန်းနဲ့ကပ်လျက်တည်ရှိတဲ့ ညောင်ပင်ကြီးရွာ၊ ချင်းတွင်းမြစ်ကမ်းဘေးက အိုမရွာ၊ ထန်းတောရွာတို့က အိမ်ခြေရာနဲ့ချီ မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေကြပါတယ်။
၂၀၂၃ ဇွန် ၁၀ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်းကစပြီး စစ်ကောင်စီက အနီးဝန်းကျင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး နယ်မြေပြန်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ထန်းတောရွာသားတယောက်က “ရဲစခန်းနဲ့ဝမ်ပေါင်နဲ့ပေါင်းပြီးတော့ ကျနော်တို့ရွာကို ဂိတ်ကို ၃ ဂိတ်၊ ရွာအဝင်ရယ်၊ အထွက်ရယ်၊ ရွာထဲမှာ အမြဲတမ်းဂိတ်တွေချထားတယ်။ ရဲစခန်းနဲ့ အနီးပတ်ဝန်းကျင် မီတာ ၁၅၀၊ ပေ ၅၀၀ ဝန်းကျင်လောက်ကို သူတို့က နင်းမိုင်းတွေချထားတယ်။ သူတို့မျက်စိတဆုံး ကျည်တပစ်စာကို ရှိသမျှမီးလောင်တဲ့အိမ်ရော မလောင်တဲ့အိမ်ရော စက်တွေနဲ့ထိုးရှင်းပြီးတော့ အခိုင်မာကာဗာယူထားတယ်။ အဲ့ဒါကြောင့်ရွာသူရွာသားတွေကလည်း ရွာထဲကိုပြန်ချင်ပေမယ့် နင်းမိုင်းအန္တရာယ်က ကြောက်ရတာတမျိုးကြောင့်မို့လို့ ရွာထဲကိုတော်တော်လေးအရဲစွန့်ပြီးတော့ ပြန်ရတယ်” လို့ ပြောပါတယ်။
ဝမ်ပေါင်ကြေးနီစီမံကိန်းတည်ရှိရာနေရာကနေ ချင်းတွင်းမြစ်ကမ်းအထိ ကြေးနီသယ်တဲ့လမ်းကို စစ်ကောင်စီက ထပ်ဖောက်ခဲ့ပြီး လမ်းစီမံကိန်းနဲ့မလွတ်တဲ့ကျေးရွာတွေမှာ လူတွေ ပြန်နေခွင့်မပြုတော့ဘဲ စစ်ကောင်စီက အပြီးသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ အချိန် ၂ နှစ်နီးပါး ကြာမြင့်လာတာဖြစ်ပြီး ကျန်းမာရေးနဲ့စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
အိုမရွာ ဒေသခံအမျိုးသမီးတယောက်က “ကျမတို့မှာ အခုအထိနေရတဲ့ဘဝကို မလုံခြုံသေးဘူး။ (စစ်ကြောင်း)ထွက်လာပြီတဲ့၊ ဘယ်အချိန်ထွက်လာမှာလဲတဲ့၊နေနေရတဲ့ဘဝကိုက မလုံခြုံဘူး။ ဘုန်းကြီးကျောင်းနေရတယ်။ ဘုန်းကြီးကျောင်းလည်း လူတွေကများနေတဲ့အတွက် ကိုယ်လည်း အဆင်ပြေအောင်နေရတယ်။ ကိုယ့်ရွာထဲလာနေကြတဲ့လူတွေထဲကလည်း သူခိုးခိုးခံရတယ်။ ကိုယ့်ရှိတဲ့ဟာလေးတွေတောင် ပါပါ သွားကြတယ် ကျမတို့မှာ။ နေရတာကို ဘယ်လိုမှမလုံခြုံဘူး” လို့ ပြောပါတယ်။
စားဝတ်နေရေးအခက်အခဲကြောင့် ဒေသတွင်းပြည်သူတချို့ဟာ ကြေးနီစီမံကိန်းထဲမှာ အလုပ်ပြန်ဝင်လုပ်နေရပြီး အလုပ်ဝင်သွားသူတွေဟာ အပြင်ကိုပြန်ထွက်ခွင့်မရတော့ဘဲ စီမံကိန်းထဲမှာပဲ မိသားစုနဲ့နေထိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ CDM ကျောင်းဆရာမတယောက်က “နေရတာကြာတော့လည်း စိတ်ပိုင်းဆိုင်ရာတွေ အဆင်မပြေတော့ပါဘူးရှင့်။ အကူအညီကတော့ အတော်လေးကိုလိုအပ်ပါတယ်။ အလုပ်အကိုင်တွေက ရှားပါးလာပြီလေ။ မုံရွာဘက်ကိုကူးပြီးတော့ ကလေးတွေက အလုပ်သွားရှာ၊ အရွယ်ကောင်းလေးတွေက လုပ်ကျွေးနေရတာဆိုတော့ အရွယ်ကောင်းလေးတွေက အလုပ် မလုပ်နိုင်တော့တဲ့အတွက် လူကြီးတွေရောကလေးတွေရော စိတ်ပိုင်းဆိုင်ရာမှာ အတော့်ကို ထိခိုက်နေပါတယ်။ အကူအညီတွေလည်း လိုအပ်ပါတယ်ရှင့်” လို့ ပြောပါတယ်။
ဆားလင်းကြီနယ်အတွင်းမှာ စစ်ရေးမတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်ခဲ့ပေမယ့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်လုပ်ငန်းရှင်တွေက မဖြစ်မနေ ဆက်လည်ပတ်နေတာပါ။
စီမံကိန်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်သားအင်အား ၂၀၀ ဝန်းကျင်ကလုံခြုံရေးယူထားပြီး တရုတ်ပုဂ္ဂလိကလုံခြုံရေးတပ်ဖွဲ့ဝင်တချို့လည်း စီမံကိန်းအတွင်းရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သုတချမ်းသာ











