
ရခိုင်ပြည်နယ်၊ အမ်းတိုက်ပွဲကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်ကို ၂ ရက်အတွင်း လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ CDF-ASHO က ဇန်နဝါရီ ၁၆ ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၃ ရက်က အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာအနီးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီး ပိတ်ဆို့တားဆီးရာမှာ အသာတကြည်အဖမ်းမခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ထဲက ၂ ယောက်ကို ဒဏ်ရာတွေနဲ့ဖမ်းဆီးရမိခဲ့ပေမဲ့ ဆေးကုသပေးနေစဉ်အတွင်းသေဆုံးသွားခဲ့တယ်လို့ CDF-ASHO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“ပြန်ခံပစ်လို့ ပစ်ခတ်ဖမ်းဆီးရတာပါ။ သူတို့တပ်စခန်းတွေနဲ့ သူတို့ရှိတဲ့ ကျေးရွာတွေက မတူကြဘူး။ သူတို့ပြေးတာကလည်း စုစည်းမှုမရှိသလို ၅ ယောက်တဖွဲ့၊ ၁၀ ယောက်တဖွဲ့ ပြေးနေကြတာဖြစ်လို့ ဘယ်ကိုဦးတည်ပြေးနေကြတာလည်းဆိုတာ ခန့်မှန်းရခက်ပါတယ်။”
အခုလ ၁၄ ရက်နေ့မှာပဲ အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီးကထွက်ပြေးလာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး၊ ကပစ နဲ့ မီတာ ၂၀၀၀ ခန့်အကွာ မှာတားဆီးခဲ့ပေမဲ့ ပြန်လည်ခုခံတာကြောင့်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။
အဆိုပါတိုက်ပွဲအပြီး ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေရှင်းလင်းရေးလိုက်လံလုပ်ဆောင်ရာ စစ်ကောင်စီတပ်သား ၉ ယောက်ကို ထပ်မံဖမ်းမိခဲ့ပါတယ်။
ဒါကြောင့် အခုလ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ယောက် အရှင်ဖမ်းမိပြီး လက်နက် ၁၅ လက်၊ စိန်ပြောင်းတလက်နဲ့ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိထားပါတယ်။
အမ်းတိုက်ပွဲစတင်ချိန်ကစပြီး ဒီနေ့အထိ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၄၄ ယောက် ဖမ်းဆီးရမိထားပြီး ကျန်တဲ့ထွက်ပြေးနေသူတွေကိုလည်း လိုက်ဖမ်းဆီးနေဆဲဖြစ်တယ်လို့ CDF-ASHO ထံက သိရပါတယ်။