DVB Logo
Home
မြန်မာသတင်း
စလင်းတွင် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ဦး ဖမ်းမိ
DVB
·
January 15, 2025
စလင်းတွင် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ဦး ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူ ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်း ပကဖ ဆီကနေ သိရပါတယ်။

စလင်း ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူတို့ ၃ ယောက်က တပ်မ ၁၀၁ လက်အောက်က စလင်းအခြေစိုက် ခလရ ၂၅၅ တပ်ကနေ ထွက်ပြေးလာကြရင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ပေါ်တာဆွဲခံရပြီးတော့ တပ်သားသစ် စုဆောင်းခံရတဲ့သူတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ တယောက်နဲ့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှာ ၂ ယောက် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ် ပကဖ ဇုန် ၃ တာဝန်ခံ ကိုမြွေပွေးက “ဒေသခံတွေက လူစိမ်းတွေ တွေ့နေတယ် ဆိုတာ ကျနော်တို့ဆီကို အကြောင်းကြားလာကြတာနဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့ကြတာပါ။ တပ်ထဲမှာ သူတို့ကို လက်နက်ပေးမကိုင်သေးဘူးလို့ သိရတယ်ဗျ။ အခု ပြေးလာတဲ့အချိန်မှာလည်း လက်နက်တွေ ဘာတွေ ပါမလာကြဘူး။ အခု​ ဖမ်းမိတဲ့ ၃ ယောက်က ခလရ ၂၅၅ တပ်ကနေ ပထမဆုံး ထွက်ပြေးလာကြသူတွေ ဖြစ်တယ်။ သူတို့တွေကို ကျနော်တို့အဖွဲ့ကပဲ လူသားချင်း စာနာထောက်ထားပြီး ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရပ်စောက် ဗထူးလေ့ကျင့်ရေးတပ်က အပတ်စဉ် ၆ သင်တန်းဆင်းတွေ ဖြစ်ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စလင်းနယ်မြေအတွင်းမှာ ကျန်ရှိနေကြသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့နဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပါကလည်း ထိုက်သင့်တဲ့ဆုကြေးငွေကို ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာတွေရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ဒေသခံပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်သွားလာကြဖို့ တိုက်တွန်းထားတယ်လို့လည်း စလင်း ပကဖ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013