DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လယ်သမားများထံမှ ကိုဗစ်ချေးငွေ ခြိမ်းခြောက်တောင်းယူ
DVB
·
January 15, 2025
ဧရာဝတီတိုင်းတွင် လယ်သမားများထံမှ ကိုဗစ်ချေးငွေ ခြိမ်းခြောက်တောင်းယူ
Donate to DVB

ဧရာဝတီတိုင်း၊ မြို့နယ်အချို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အရာရှိတွေက လယ်သမားတွေဆီက ကိုဗစ်ချေးငွေတွေကို  အတင်းပြန်လည်တောင်းယူနေပြီး ပြန်မဆပ်ပါက မြေယာလုပ်ပိုင်ခွင့် ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် လယ်သမားတွေ အခက်ကြုံနေကြရပါတယ်။

ဇန်နဝါရီလဆန်းလောက်ကစကာ ကျုံပျော်မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာက ကျေးရွာတွေက လယ်သမားတွေကို ခေါ်ယူကာ ကိုဗစ်ချေးငွေပြန်ဆပ်ဖို့ ဖိအားပေးပြောဆိုကာ သတိပေးစာ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ကျုံပျော်မြို့နယ်က လယ်သမားတယောက်က “အစည်းအဝေးလုပ်ပြီး အုပ်ချုပ်ရေးမှူးတွေကတဆင့် Notice စာတွေ ထုတ်ပေးလိုက်တာ။ အဲဒီမှာ လက်ဗွေတွေဘာတွေ နှိပ်ခိုင်းလိုက်တယ်။ စာထုတ်တဲ့ အတိုင်းဆို တလပိုင်းထဲမှာ အကျေဆပ်ခိုင်းတယ် အကုန်လုံးကို။ ဆပ်ထားပြီး ဆောင်းဘဏ်ပြန်ထုတ်မယ့်သူတွေကို အခုထက်ထိ ပြန်မထုတ်ပေးသေးလို့ သူများဆီမှာ အတိုးတွေနဲ့ ယူပြီးတော့ မကျေသေးတဲ့သူတွေကို အကြွေးက နင်းကန်တောင်းနေတာ။ ဆပ်ထားတဲ့ ကျေပြီးသား လူတွေကိုတော့ ခုထက်ထိ ပြန်မထုတ်ပေးသေးဘူး၊ အဆင်မပြေဘူးလေ။ ရေကြီးနစ်မြုပ်တွေက ဖြစ်ထားတာလေ တမိုးတွင်းလုံး။ ဆောင်းသီးနှံစိုက်တော့လည်း ရာသီဥတုက ဖျက်တော့ ဘာမှအဆင်မပြေကြဘူး။ လယ်သမားတွေလည်း၊ နိုင်ငံရေးအခြေအနေကလည်းမ ကောင်း၊ မိုးလေဝသကလည်း မကောင်း။ ရာသီဥတုတွေကလည်း‌ ဖောက်ပြန်တော့ လယ်သမားတွေ အဆင်မပြေကြဘူး”လို့ ပြောပါတယ်။

ချေးငွေတွေကို ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြန်ဆပ်ဖို့နဲ့  ပြန်မဆပ်ပါက လယ်ယာလုပ်ပိုင်ခွင့် ရုပ်သိမ်းမယ်လို့ ကြွေးကျန်တောင်သူတွေကို စစ်ကောင်စီဘဏ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

သူတို့ ပြန်လည်တောင်းခံတဲ့ ချေးငွေတွေဟာ  NLD အစိုးရလက်ထက်က ချပေးခဲ့တဲ့ မိုးစပါးချေးငွေ တဧက ကျပ်တသိန်းခွဲနှုန်း၊ ဆောင်းသီးနှံချေးငွေ တဧက ကျပ် တသိန်းနှုန်း၊ ကိုဗစ်ချေးငွေ တဧက ကျပ် ၅၀၀၀၀ နှုန်းနဲ့ ၄ နှစ်အတွင်း အတိုးတွေကို တောင်သူတွေက သူတို့ပိုင်ဆိုင်တဲ့ လယ်ဧကအလိုက် ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ်က ကျေးရွာတွေမှာလည်း စစ်ကောင်စီခန့်အုပ်ချုပ်‌ရေးမှူးက အစည်း‌အဝေးခေါ်ယူကာ ကိုဗစ်ချေးငွေနဲ့ စိုက်ပျိုးရေးစရိတ် ချေးငွေတွေကို ပြန်မဆပ်ပါက အထက်အမိန့်အရ လုပ်ကိုင်နေတဲ့လယ်တွေကို သိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်နေလို့ သိရပါတယ်။

မြောင်းမြမြို့နယ်က လယ်သမားတယောက်က “အုပ်ချုပ်ရေးမှူး ကျော်နိုင်ဝင်းက စည်းဝေးပွဲမှာ ခေါ်ပြောတယ်။  ဒီငွေတွေကို ပြန်ဆပ်ရမယ်ပေါ့နော်၊ မဆပ်ရင် လူလည်း သတ်ခိုင်းလို့ရတယ်၊ လယ်လည်း သိမ်းလို့ရတယ်ဆိုပြီး ကျမတို့ကို ပြောပါတယ်။ ဒီ့ပြင်လည်း ရောင်းချပြီး ဆပ်စရာ ကျမတို့မှာ ဘာမှမရှိဘူး။ လယ်လေးပဲ ရှိတယ်။ လယ်သိမ်းသွားတော့လည်း ဘယ်တတ်နိုင်မှာတုံး၊ ကိုယ်ကတော့ ပြန်ဆပ်ချင်တာပေါ့။ ဒီနှစ်က စပါးတွေကလည်း မထွက်တော့ ဆပ်ချင်ပေမဲ့ မဆပ်ရဘူး၊ ဆပ်စရာမရှိတော့”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့ ‌ရေကြီးခဲ့ပြီး ဧရာဝတီတိုင်းအတွင်းက လယ်တွေလည်း ရေနစ်မြုပ်ပျက်စီးခဲ့တဲ့အတွက်‌ တောင်သူတွေအနေနဲ့ ငွေကြေးအခက်အခဲတွေ ကြုံနေရပါတယ်။

ဧရာဝတီတိုင်းအတွင်း ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ‌ တောင်သူတွေက စိုက်ပျိုးရေးဘဏ်ကို သီးနှံ အာမခံကြေး ပေးသွင်းထားပေမဲ့ သီးနှံတွေ ပျက်စီးသွားတဲ့အခါ ‌ထောက်ပံ့ကြေး တစုံတရာမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

လယ်သမားအရေး ဆောင်ရွက်သူတယောက်က “တောင်သူတွေက အခက်အခဲကြုံနေရတာ အားလုံး အသိပဲလေ။ အခု စစ်ကောင်စီလုပ်ပုံက မဟုတ်ဘူးဗျာ။ သူတို့ဆီကနေ သက်ညှာမှာတို့ လျှော့ပေါ့ပေးမှာတို့ အရစ်ကျနဲ့ဘာညာ မမျှော်လင့်နဲ့ မရဘူး မဖြစ်နိုင်ဘူး၊  ချေးငွေတွေက NLD အစိုးရလက်ထက်က ချေးပေးထားတဲ့ ချေးငွေတွေ ဖြစ်တယ်။ လယ်သိမ်းမယ် ဘာညာကတော့ ခြိမ်းခြောက်တာပေါ့ဗျာ။ သူတို့ကိုယ်တိုင်တောင် စပါးစိုက်ပါ၊ နေကြာစိုက်ပါ၊ ဟိုဟာစိုက် ဒီဟာစိုက် လုပ်ခိုင်းနေတဲ့ဟာ သူတို့သိမ်းတော့လည်း  ကိုယ်မစိုက်နဲ့ပေါ့”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကတောင်သူတွေဟာ စပါးတွေ စတင်စိုက်ပျိုးချိန်က သွင်းအားစုစရိတ် ကြီးမြင့်တာ၊ စပါးအပင် ဖျက်ဆီးတဲ့ ရွှေခရုနဲ့ ဖျက်ပိုးကျတာတွေ ကျခဲ့တာတွေကြောင့် လက်ရှိ စပါးတွေ ပြန်လည်ရိတ်သိမ်းတဲ့အခါ အထွက်နှုန်းလျော့ကျခဲ့တယ် လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013