
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်အငြိမ်းစား အများစုနေထိုင်တဲ့ ရွှေပေါက်ကံမြို့မှာ ဒီဇင်ဘာလကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဟောင်းတွေ ခန့်ထားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ရွှေပေါက်ကံ ၁၅ မှာဆို စရဖက ထွက်ထားသူကို ခန့်ထားတာ၊ ၁၇ ရပ်ကွက်မှာလည်း စစ်တပ်ကလူပဲ၊ ၁၄ ရပ်ကွက်နဲ့ ၁၅ ရပ်ကွက်မှာလည်း စစ်တပ်က အငြိမ်းစားတွေပဲ ခန့်တာ၊ အရင်ကခန့်ထားတဲ့သူတွေရှိသလို အခုမှခန့်တဲ့သူတွေလည်း ရှိတယ်။”
လှိုင်သာယာအရှေ့နဲ့ အနောက်မြို့နယ်ရှိ ရပ်ကွက် ၂၀ နဲ့ ကျေးရွာအုပ်စု ၉ စုမှာ ဒီနှစ် ဇန်နဝါရီလကစပြီး ကြံ့ခိုင်ရေးပါတီဝင်တွေကို အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်ထားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“လှိုင်သာယာမှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်တယ်။ ၅၃၂ တပ်နဲ့ ရင်းနှီးတဲ့သူတွေကိုလည်း ခန့်တာရှိတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး အများစုမှာ ပစ်ခတ်သတ်ဖြတ်ခံရလို့ နုတ်ထွက်စာ တင်ကြသူတွေရှိသလို စစ်မှုထမ်းဥပဒေကြောင့် တိုင်ကြားခံရလို့ အစားထိုးခန့်ထားတာလည်း ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ဆီကနေ သိရပါတယ်။
“မလုပ်ချင်လို့ နုတ်ထွက်စာတင်တဲ့သူတွေလည်း ရှိတယ်။ စစ်မှုထမ်းကိစ္စနဲ့ အတိုင်ခံရလို့ ပြုတ်တဲ့သူတွေလည်း ရှိတယ်။ ကြံ့ခိုင်ရေးကလူတွေက သေမယ့်နေ့မှ စစ်ထဲလိုက်သလိုပေါ့၊ လုပ်မယ့်သူမရှိတော့ သူတို့ကိုခန့်တာ။”
၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်စမှာ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာနဲ့ ရွှေပေါက်ကံမြို့တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အစားထိုး ခန့်ထားတာ ဖြစ်ပါတယ်။










