DVB Logo
Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူ ၂၄ ဦး ရှိလာ 
DVB
·
January 13, 2025
လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူ ၂၄ ဦး ရှိလာ 
Donate to DVB

လော့စ်အိန်ဂျလိစ်မြို့ တဝိုက်လောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ ၂၄ ယောက်အထိ ရှိလာပြီး  မီးထိန်းနိုင်ဖို့ ကြိုးစားနေချိန်မှာ အင်မတန်အားကောင်းတဲ့ လေပြင်းတွေ တိုက်ဖို့ရှိတာကြောင့် စိုးရိမ်မှု မြင့်တက်နေပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှား အခြေအနေတွေနဲ့ စန်တာအန်နာ လေပြင်းတွေကြောင့်  တောမီးတွေ နေရာအနှံ့အပြားမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေပြင်းတွေဟာ တနင်္ဂနွေညကစပြီး ဗုဒ္ဓဟူးနေ့အထိ တနာရီ ၆၀ မိုင်နှုန်း (၉၆ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်တယ်လို့ ကယ်လီဖိုးနီးယား မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မြို့တော်ရဲ့ ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်မှာ လောင်နေတဲ့ ပါလီဆေးဒ်နဲ့ အီတန် တောမီး ၂ ခုကို ထိန်းချုပ်နိုင်ဖို့ တခြားပြည်နယ် ၈ ခုအပြင် ကနေဒါနဲ့ မက္ကဆီကိုက မီးသတ်တပ်ဖွဲ့တွေပါ ကူညီနေကြပါတယ်။

အီတန်မီးလောင်ကျွမ်းရာမှာ ၁၆ ယောက်၊ ပါလီဆေးဒ်မှာ ၈ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အကြီးဆုံး ပါလီဆေးဒ်မီးလောင်မှုဟာ ၂၃,၀၀၀ ဧကကျော် ပျက်စီးပြီး ၁၁ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်သေးပါတယ်။

အယ်လ်တာဒေနာမှာရှိတဲ့ ဒုတိယအကြီးဆုံး အီတန်တောမီးက ဧက ၁၄,၀၀၀ ကျော် လောင်ကျွမ်းပြီး ၂၇ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပါတယ်။ ဟတ်စ်မီးလောင်မှုကတော့ ဧက ၈၀၀ နီးပါး လောင်ပြီး လုံးဝနီးပါး ထိန်းချုပ်နိုင်ပါပြီ။ မီးလောင်ဒဏ်ခံရတဲ့ နေရာတွေမှာ ဓားပြတိုက်သူ ၂၉ ယောက်ကို ဖမ်းမိထားပြီး မီးသတ်တပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး ခိုးယူသူ ၂ ယောက်လည်း ပါဝင်ပါတယ်။

အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို ထပ်မံစေလွှတ်တာကြောင့် လက်ရှိမှာ မီးသတ်သမား ၁၄,၀၀၀၊ လေယာဉ် ၈၄ စီး၊ မီးသတ်ယာဉ် ၁,၃၅၄ စီးနဲ့  ငြှိမ်းသတ်နေပါတယ်။

လောင်ကျွမ်းမှုတွေက အမေရိကန်သမိုင်းမှာ ကုန်ကျစရိတ် အများဆုံး မီးဘေးတွေထဲ ပါဝင်နိုင်ပါတယ်။

ပုဂ္ဂလိက မိုးလေဝသခန့်မှန်းရေး ကုမ္ပဏီ Accuweather က ဆုံးရှုံးမှုတန်ဖိုးကို ဒေါ်လာ ၂၅၀ ဘီလီယံကနေ ၂၇၅ ဘီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ပါဆာဒီနာမြို့ မီးသတ်ဦးစီးမှု  ချက်အောဂတ်စတင်က “မီးတွေကို စထိန်းချုပ်နိုင်နေပေမဲ့ အဆုံးသတ်ဖို့ ဝေးနေပါသေးတယ်။ အထူးသဖြင့် အင်္ဂါနေ့မှာ လေအပြင်းဆုံးတိုက်မှာမို့ နောက်ထပ် ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်"လို့ ပြောပါတယ်။

အာကာသအေဂျင်စီနာဆာရဲ့ အာကာသလေ့လာရေး ဗဟိုဌာနအနီးမှာလည်း မီးသစ်တွေ ထပ်လောင်နေပြီး အရေးပါတဲ့ ဒီဌာနကို မီးမကူးစက်အောင် မီးသတ်တပ်ဖွဲ့တွေက အပြင်းအထန် ကာကွယ်နေရပါတယ်။

ထူးခြားတာက မီးငြှိမ်းသတ်နေတဲ့ လေယာဉ်တစီးကို ဒရုန်းတစီး ဝင်တိုက်မိလို့ လေယာဉ်ပေါ်မှာ လက်မ ၃x၆ အရွယ် အပေါက်ဖြစ်သွားပြီး ယာယီရပ်နားခဲ့ရပါတယ်။ FBI က ဒီဒရုန်းပိုင်ရှင်ကို ရှာဖွေနေပါတယ်။

တောမီးအခြေအနေနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး နယူးဆန်နဲ့ သမ္မတလောင်း ထရမ့်ပ်တို့ အငြင်းပွားနေပါတယ်။

နယူးဆန်က ထရမ့်ပ်ကို မီးဘေးသင့်ဒေသကို လာကြည့်ဖို့ ဖိတ်ခေါ်ထားပေမဲ့ ထရမ့်ပ်ကတော့ ဒီမိုကရက်တစ် အုပ်ချုပ်သူတွေရဲ့ မတတ်ကျွမ်းမှုကြောင့် နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဘေးအန္တရာယ်တခုဖြစ်ရတယ်လို့ စွပ်စွဲထားပါတယ်။

လက်ရှိမှာ နေထိုင်သူ ၁၀၅,၀၀၀ ကို မဖြစ်မနေ ရွှေ့ပြောင်းခိုင်းထားပြီး နောက်ထပ် ၈၇,၀၀၀ ကိုလည်း ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013