အမေရိကန်မူဝါဒ မရေရာမှု၊ အမေရိကန်-အစ္စရေး အီရန်အပေါ်စစ်ပွဲ၊ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ တင်းမာမှုတွေ မြင့်တက်လာတာ စတဲ့ကိစ္စတွေက အခုအပတ် ရှန်ဂရီလာဆွေးနွေးပွဲမှာ အဓိကအချက် ဖြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတယောက်က မေ ၂၆ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်က အီရန်မှာ အမေရိကန်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ စစ်ပွဲက အာရှမှာ အမေရိကန်ရဲ့ အာရုံစိုက်မှုနဲ့ ကတိကဝတ်တွေကို ပိုထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာရှင် ချုံဂျာအီယန်က ပြောပါတယ်။
အမေရိကန်မူဝါဒ ပိုမတည်ငြိမ်မှုက ဂျပန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယား တို့လို အမေရိကန် မဟာမိတ်တွေကို ကာကွယ်ရေးအခန်းကဏ္ဍမှာ ပိုတက်တက်ကြွကြွ ပါလာအောင် တွန်းအားပေးနိုင်ပြီး ထိုင်ဝမ်နဲ့ပတ်သက်တဲ့ တင်းမာမှုတွေက တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ ပိုကျယ်ပြန့်တဲ့ မတည်ငြိမ်မှုနဲ့ နီးနီးစပ်စပ် ဆက်စပ်နေဆဲပဲလို့ သူက ထပ်ပြောပါတယ်။
အာရှဒေသရဲ့ ထိပ်တန်းကာကွယ်ရေး ဖိုရမ်ဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲကို မေ ၂၉ ရက်ကနေ ၃၁ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပမှာပါ။
ဒီဖိုရမ်ဟာ ထိပ်တန်းကာကွယ်ရေးအရာရှိတွေ၊ အကြီးတန်း စစ်ဘက်အရာရှိတွေ၊ သံတမန်တွေ၊ လက်နက်ထုတ်လုပ်သူတွေနဲ့ လုံခြုံရေး လေ့လာသုံးသပ်သူတွေ ရောနှောပါဝင်တဲ့ အစုအဖွဲ့ကို ဆွဲဆောင်ထားပါတယ်။
Source: Reuters










