DVB Logo
Home
Lead Story
မအလဝန်ထမ်းများ သတိကြပ်ကြပ်ထား
DVB
·
January 12, 2025
မအလဝန်ထမ်းများ သတိကြပ်ကြပ်ထား
Donate to DVB

"ဝန်ထမ်း" ထိုစကားလုံးသည် ထိုမျှနှင့်မပြီး။ ရှေ့တွင် နာမဝိသေသနတခုခုနှင့် တွဲဆက်ပြီး ခွဲခြားပြလေ့ရှိသည်။ အကယ်စင်စစ် "ဝန်ထမ်း" ဟူသော စကားလုံးကို အတိုချုပ် အနက်ဖွင့်မည်ဆိုပါက "မိမိ၏ ရင်းနှီးစိုက်ထုတ်ငွေမပါဘဲ အရင်းအနှီးပြုထားသူက ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသူ" ဟု အဓိပ္ပာယ် ထွက်ပါ၏။

သို့သော် ဝန်ထမ်းအမျိုးအစား ကွဲပြားစေရန် ကုမ္ပဏီဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ NGO ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းဟူ၍ နာမဝိသေသနထပ်ဆင့်ကြရလေ့ ရှိသည်။ လွတ်လပ်ရေးရပြီးချိန်မှ စ၍  နိုင်ငံ၏ ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများကို "ပြည်သူ့ဝန်ထမ်း" ဟူ၍သာ ခေါ်ဝေါ် သုံးနှုန်း ရေးသား ပြောဆိုခဲ့ကြသည်မှာ မဆလအစိုးရလက်ထက်အထိ ဖြစ်သည်ကို ထိုကာလများက ထုတ်ခဲ့သော နိုင်ငံထုတ်ပြန်ကြေညာချက်များတွင်သာမက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင်ပါ အထင်အရှားတွေ့ရ၏။

တပါတီစနစ်ဖြင့်အုပ်ချုပ်ခဲ့သော အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရကို ဖြုတ်ချခဲ့သော ၁၉၈၈ လူထုတော်လှန်ရေး ကာလအပြီးတွင်မူကား အာဏာသိမ်းစစ်အစိုးရ "ပြည်သူ့ဝန်ထမ်း" ဟူသော စကားလုံးကို လက်စတုံး ဖျောက်ဖျက်ပစ်တော့သည်။ ၁၉၈၈  လူထုတော်လှန်ရေးကာလတွင် (Civilian Disobedience Movement - CDM) ဟူသည့် စကားလုံး ခေတ်မစားသေးသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများစွာသည် ပြည်သူလူထုနှင့် အတူ‌ပူးပေါင်းကာ ဝန်ကြီးဌာနများကို စွန့်ခွာခဲ့ကြ၏။ လူထုနှင့် တသားတည်းရပ်တည်ကာ အာဏာသိမ်းစစ်တပ်ကို အန်တုခဲ့ကြသည်။ လူထုတော်လှန်ရေးနှင့်အတူ ဝန်ထမ်းများ၏ အာခံမှုကို ကြုံတွေ့လာရသည့် အာဏာသိမ်းစစ်တပ်သည် အစိုးရယန္တရား မလည်ပတ်နိုင်သဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု လေပြေထိုးခဲ့ရသည်။ အာဏာသိမ်းစစ်တပ်၏ စကားကို ယုံစားမိသော ဝန်ထမ်းများသည် ဌာနဆိုင်ရာများသို့ ပြန်လည်ဝင်ရောက်ခဲ့ကြ၏။

သို့သော်ငြားလည်း မင်းသားခေါင်းဆောင်းထားသော စစ်ဘီလူးသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်‌လာသည့် ဝန်ထမ်းများကို ဝန်ထမ်းများ လိုက်နာရမည့် ခံဝန်ကတိ (၃၆) ချက်ကို လက်မှတ်ရေးထိုးစေ၍ ထူးခတ်တော့သည်။ ထို့နောက် "ပြည်သူ့ဝန်ထမ်း" ဟူသည့် စကားလုံးကိုလည်း သင်းသတ်တော့သည်။ အစိုးရပိုင်အဖြစ် သိမ်းလိုက်သည့် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများနှင့် ရုပ်မြင်သံကြားသတင်းတို့တွင် "အစိုးရဝန်ထမ်း" ဟူသည့် စကားလုံးကိုသာ တွင်တွင် သုံးစေ၏။ အာဏာသိမ်းစစ်တပ်သည် "ငါတို့က အစိုးရ၊ ငါတို့ကသာ အရှင်သခင်၊ မင့်တို့က ငါတို့ ခိုင်းတာမှန်သမျှ လုပ်ပေးရမယ့် ငါတို့ရဲ့ ကျေးကျွန် ဝန်ထမ်းတွေ" ဆိုသည့် စိတ်ကို ရိုက်သွင်းပေးခဲ့သည်။ အာဏာသိမ်းသက် ကြာလာသည်နှင့်အမျှ အသစ်ဝင်ရောက်လာသည့် အရပ်ဘက် ဝန်ထမ်းသစ် တချို့တို့၏ စိတ်ထဲတွင်ပါ မိမိတို့သည် အစိုးရခိုင်းသမျှ လုပ်ရမည်ဟု ခံယူလာကြသည်။ နိုင်ငံတော်ဆိုသည်မှာ စစ်တပ်အကြီးအကဲဖြစ်၍ အစိုးရဆိုသည်မှာ စစ်တပ်ဟူ၍သာ ထင်မှတ်လာကြရအောင်အထိ စစ်ခေါင်းဆောင်တသိုက်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားခဲ့၏။

စစ်ခေါင်းဆောင်တသိုက်သည် ထိုမျှနှင့် အားမရ။ တပိုင်းကြောင်ဒီမိုကရေစီစနစ်အစတွင် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ကြီးများသည် ၂၀၁၀ ရွေးကောက်ပွဲလွန် ကာလ၌ နိုင်ငံ့ဝန်ထမ်းဥပဒေကို ထုတ်ပြန်၍ လက်နက်ကိုင်အဖွဲ့နှင့် လက်နက်မဲ့ အရပ်ဘက်ဝန်ထမ်းများကို အတိအလင်း ခွဲခြားပစ်ပြန်သည်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေတွင် သွေးခွဲအုပ်ချုပ်မည့် ထိုအချက်ကို အထင်အရှား တွေ့နိုင်၏။ ထိုဥပဒေ၏ အပိုဒ် (၂/င) တွင် (င) ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရ  ဟူ၏။ အရှင်းဆုံးပြောရလျှင် အရပ်ဘက်ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေကို စစ်တပ်နှင့်ရဲက မလိုက်နာလျှင်လည်း ဘာမှမဖြစ်ဟူသည့် သဘောပင်။

ထိုမျှ မထော်မနှမ်းဖြစ်နေသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို သမ္မတဦးဝင်းမြင့်လက်ထက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင်မှ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်၍ ပြင်ယူခဲ့ရ၏။ နိုင်ငံ့ဝန်ထမ်းဟူ၍ မျက်နှာဖုံးစွပ်ပေးခံထားရသည့် လက်နက်ကိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကိုပါ ပြည်သူ့ဝန်ထမ်းဟူသော စကားလုံးအောက် ပြန်လည်သွပ်သွင်းပေးရခြင်းပင်။

စစ်အာဏာရှင်အဆက်ဆက် မည်မျှပင် ဝန်ထမ်းများအပေါ် ဖိနှိပ်ထားသည်ဖြစ်စေ အမှောင်ထုက ကြီးမားသည်ထက် ကြီးမားလာသောအခါ အလင်းကို ငံ့လင့် ရှာဖွေလိုလာကြသည်မှာ လူ့သဘာဝ။ သို့ဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချ၍ စစ်တပ်က အာဏာသိမ်းပြန်သောအခါ ပြည်သူကို မျက်နှာမူသော  ဝန်ထမ်းများစွာသည် ရုံး၊ ဌာနများကို စွန့်ခွာခဲ့ကြတော့သည်။ Civilian Disobedience Movement - CDM လှုပ်ရှားမှုဟူ၍ လူသိများ ထင်ရှားလာ၏။ အရပ်ဘက်ဝန်ထမ်းများသာမက လက်နက်ကိုင်ဝန်ထမ်း စစ်သားနှင့် ရဲတချို့ လည်း ပါဝင်ခဲ့ကြသည်။ အာဏာသိမ်းပြီးစတွင် ဝန်ထမ်းဦးရေ သုံးသိန်းကျော်သည် CDM လုပ်ခဲ့ကြသည်။ အများစုမှာ အရပ်ဘက်ဝန်များသာ ဖြစ်၏။

ထို CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရား ကောင်းကောင်း မလည်ပတ်နိုင်တော့သော်လည်း ဗုန်းဗုန်းလဲပြိုကျသည့် အဆင့်ထိမူ မရောက်ခဲ့။ ပြည်သူလူထု မျက်နှာ မထောက်ဘဲ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသည့် ဝန်ထမ်းတချို့က ကျားကန်ပေးနေခဲ့သည်။ ငတေ စိတ်ဓာတ်ပိုင်ရှင် ဝန်ထမ်းများအနေဖြင့် မိမိတို့သည် မည်သူ့ဝန်ထမ်းလဲဟူ၍ မိမိဘာသာ ပြန်လှန် မေးခွန်းထုတ် စဉ်းစားသင့်ချိန် ရောက်ပေပြီ။ "မိမိ၏ ရင်းနှီးစိုက်ထုတ်ငွေမပါဘဲ အရင်းအနှီးပြုထားသူက ပေးအပ်သော လုပ်ခ လစာယူ၍  လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသူ" ဟူသည့် ဝန်ထမ်း၏ အနက်အဓိပ္ပာယ်အရ မိမိတို့ကို အမှန်တကယ် လုပ်ခလစာနှင့် လုပ်ပိုင်ခွင့် ပေးထားသူတို့မှာ ပြည်သူလူထုသာ ဖြစ်သည်ကို သဘောပေါက်နားလည်သင့်ပေပြီ။ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင် တသိုက်က ၎င်းတို့ပိုင် ငွေကြေးများထဲမှ လုပ်ခ၊ လစာ ထုတ်ပေးနေခြင်း မဟုတ်ပေ။ ပြည်သူများက ပေးအပ်လိုက်ရသည့် အခွန်ဘဏ္ဍာငွေများမှတဆင့် ရရှိနေသည့် လုပ်ခ လစာကိုစား၍ ပြည်သူ့အိုးအိမ်ကို မီးရှို့၊ ပြည်သူ့အသက်ကို မငဲ့ကွက်ဘဲ ရပ်ထဲရွာထဲ ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ဗုံးကြဲ ပြုလုပ်နေသူများ၏ အလိုကျ လိုက်ပါ လုပ်ဆောင်ပေးနေပါက မိမိတို့၏ သားစဉ်မြေးဆက်ပါ ဆင်းရဲဒုက္ခရောက်ကြရမည်ကို သတိချပ်သင့်ပေပြီ။ မင်းအောင်လှိုင်၏ အာဏာရှင်ယန္တရား လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနေမှုများကို ရပ်တန်းက ရပ်သင့်ချိန်တန်ပါပြီ။

အာဏာသိမ်းပြီးချိန်မှစ၍ ၃ နှစ်ကျော် ကာလအတွင်း လက်နက်ကိုင် တော်လှန်မှု အရှိန်မြင့်လာပြီးနောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းတချို့ ဖမ်းဆီးခံရခြင်း၊  ရှင်းလင်းခံရခြင်းများ ရှိသော်လည်း အရပ်ဘက် ဌာနဆိုင်ရာ ဝန်ထမ်းများကိုမူ လျစ်လျူရှုပေးထားခဲ့ဟန် ရှိ၏။ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ရှင်းလင်းခံရခြင်းမှာ အင်မတန် နည်းပါးလှသည်။ အကယ်စင်စစ်မူ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေနိုင်သည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လက်အောက်ခံ ဝန်ထမ်းများဖြစ်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်မှု သက်သက်ကြောင့် မဟုတ်ပေ။ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး၏ အမိန့်နာခံ ဆောင်ရွက်ပေးနေကြခြင်းကြောင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေနိုင်ခြင်း ဖြစ်၏။ ထိုအချက်ကို ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများက မသိ၍ မဟုတ်။ သိလျက်နှင့် မျက်ကွယ်ပြုပေးထားခြင်းသာ ဖြစ်မည်။

သို့သော် ယခုအချိန်ထိ မိမိအမှားကို သိမြင်ကာ အမှန်ပြင်လိုဟန်မရှိသော ဝန်ထမ်းများကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်ကူးမိန့်ခွန်းတွင် "ဝန်ထမ်းများအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ကို  ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးရမည့် အချိန်ရောက်နေပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ နိဂုံးမကောင်းနိုင်" ဟု အတိအလင်း သတိပေးလိုက်ပေပြီ။

"ယခုအချိန်ကတော့ ပြည်သူနဲ့ပူးပေါင်းဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ နိုင်ငံ့အနာဂတ်တည်ဆောက်ရေးမှာ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ဖို့ အထူး တိုက်တွန်း လိုပါကြောင်းနဲ့ ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်တဲ့ မည်သူမဆို ကောင်းမွန်တဲ့နိဂုံးရှိမှာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပေးပြောကြားလိုပါတယ်" ဟု ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုသွား၏။

ပြည်သူလူထုက ပေးအပ်ထားသည့် အခွန်ဘဏ္ဍာများကို လစာအဖြစ် ထုတ်ယူ စားသုံးနေရသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူကို သစ္စာမစောင့်ဘဲ မင်းအောင်လှိုင်၏ ကျေးကျွန်အဖြစ်သာ ဆက်လက် အသုံးတော်ခံနေပါက ဝန်ကြီးချုပ် ပြောဆိုထားသကဲ့သို့  "ကောင်းမွန်တဲ့ နိဂုံး" မရှိနိုင်တာကို သတိကြပ်ကြပ်ထားသင့်ကြောင်းပါခင်ဗျား။

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013