Home
မြန်မာသတင်း
မြင်းခြံမြို့ကို မသိမ်းခင် စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက်ကူးပြောင်းရန် တိုက်တွန်း
DVB
·
January 12, 2025

မြင်းခြံမြို့သိမ်းတိုက်ပွဲ မဆင်နွှဲခင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပြည်သူ့ဘက်အချိန်မီ ကူးပြောင်းဖို့ မြင်းခြံ PDF တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။ 

မန္တလေးတိုင်း၊ မြင်းခြံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားနေပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ပြည်သူ့ဘက်အချိန်မီ ကူးပြောင်းကြဖို့ မြင်းခြံခရိုင်တပ်ရင်း ၉ တာဝန်ရှိသူက တိုက်တွန်းလိုက်တာပါ။ 

လက်ရှိအချိန်မှာ မြင်ခြံခရိုင်ထဲက ဒေသအများစုကို PDF တွေက ထိန်းချုပ်ထားပြီး အပြီးသတ်အနေနဲ့ မြို့ကိုသိမ်းယူဖို့ပဲ ကျန်တော့တယ်လို့ သူကပြောပါတယ်။

မြင်းခြံခရိုင်၊ အမှတ် ၉ တပ်ရင်း (MBT) တာဝန်ရှိသူ ဗိုလ်မိုက်ခဲက  “မြင်းခြံမြို့ကို သိမ်းမှာ တအားကြောက်နေတယ် သူတို့ဘက်က၊ သူတို့အနေနဲ့ ထိုးစစ်ဆိုတာမရှိဘူး။ စောနက ပြောသလို ရံဖန်ရံခါ PDF တွေရဲ့ ခဲယမ်းနဲ့ကျည်နည်းပါးအောင် ထိုးစစ်ဆင်ပြတဲ့ အနေအထားပဲရှိနေတာ၊ အားလုံးဟာ ခံစစ်ပဲပေါ့နော် ရန်သူဘက်က။ ဒါ မြင်းခြံတခရိုင်လုံး တွက်မယ်ဆိုရင်တောင် အဲ့ဒီလိုအနေအထားပဲရှိပါတယ်။ စကစ လက်အောက်ခံ ပျူစောထီးတွေ၊ စစ်တပ်နဲ့ရဲတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကို အချိန်မီကူးပြောင်းပါလို့ ပြောချင်တယ်။ တကယ်လို့ လာတိုက်ခိုက်တဲ့အချိန်မှာ အမြန်ဆုံးအလံဖြူထောင်ဖို့ မေတ္တာရပ်ခံချင်တယ်။ ဒီလိုမှမဟုတ်ဘူး ကျည်ဆန်ကုန်မှ အလံဖြူပြတာမျိုးဆိုရင်တော့ ညီလေးတို့ MBT တပ်ဖွဲ့အနေနဲ့ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူး။ အဓိကပြည်သူလူထုကို မှာချင်တာတခုက စကစ နဲ့ ဝေးတဲ့နေရာတွေမှာနေပါ။ မဖြစ်မနေ သွားလာရမယ်ဆိုရင်တောင် စကစနဲ့ အနီးကပ်ဆုံးနေရာကို ရှောင်ကျဉ်ပြီးသွားလာကြဖို့ အဓိက မေတ္တာရပ်ခံချင်တာပါချင်ဗျာ။ တကယ်လို့ မြို့သိမ်းတိုက်ပွဲ ဖြစ်လာပြီဆိုလည်း ပြည်သူလူထုဘက်က နိုင်တဲ့ဘက်ကနေပြီးတော့ သတင်းပဲဖြစ်ဖြစ်၊ ထမင်းပဲဖြစ်ဖြစ်၊ ကင်းပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့ အခုကတည်း မေတ္တာရပ်ခံချင်တာပါခင်ဗျ” လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ကပ်လျက် စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာလည်း ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး PDF တွေက မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့ အရှိန်ယူနေတာတွေ့ရပါတယ်။ 

မကွေးတိုင်း မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းဆက်တိုက်ထိုးပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေသလို PDF တွေကလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ကြိုးစားနေတယ်လို့ စလင်းနယ် ဒေသခံတယောက်က ပြောပါတယ်။

“စစ်ခွေးက လောလောဆယ် စစ်ကြောင်းထိုးနေတယ်၊ ကြိမ်မြောင်းရွာ စလင်းမြို့ရဲ့ အနောက်ဘက်ပေါ့။ လောလောဆယ်ရှောင်နေကြတယ်။ အဲ့ဒီစစ်ကြောင်းက ဒီဘက်ပဲ ဦးတည်တာ။ စလင်းရဲ့တောင်ဘက်မှာက ၂၅၃၊ ၂၅၄၊ ၂၅၅ ရှိတယ်။ တပ်မသုံးခုရှိတယ်၊ ပြီးရင် စလင်းမြို့ပေါ်မှာ ရဲစခန်းရှိတယ်။ ထွေအုပ်ရှိတယ်။ အဲ့ဒီဟာ ပျူနဲ့ပေါင်းပြီးတော့ကြတော့ စစ်ကြောင်းထိုးနေတာ၊ ကျနော်တို့ဘက်ကလည်း ဟိုတနေ့က အလုပ်လုပ်ထားတာလေ။ အခုလောလောဆယ် မြို့သိမ်းဘာညာဆိုတာကတော့ မဆင်နွှဲနိုင်သေးဘူး၊ မြို့သိမ်းတော့ ကြေညာနေတယ် ဒါပေမဲ့ မြို့သိမ်းတော့ မဆင်နွှဲနိုင်သေးဘူး။”

မန္တလေးဒေသတွင်း PDF တွေ အသာစီးယူထားတဲ့ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ပြီး မန္တလေးမြို့ကို ဆက်ထိန်းဖို့ကြိုးစားနေပါတယ်။

မတ္တရာ PDF ဦးတိုးက “၈ ရက်နေ့ တနာရီထိုးလောက်က မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကြား ကျပ်ပြင်ဂေါက်ကွင်းနေရာ အနီးဝန်းကျင်ကို Y12 နဲ့ ဗုံးအလုံး ၃၀ လောက် ချသွားတာရှိတယ်။ ၉ ရက်နေ့ကြတော့ သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိတယ် ဂျက်ဖိုက်တာနဲ့။ စဉ့်ကူးမှာ တကြိမ်၊ မတ္တရာမှာကြတော့ ထန်းပင်ကုန်းတဝိုက်ကို MI35 နဲ့ ၂ ပတ်ဝဲပြီး ပစ်သွားတယ်။ နောက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာရှိတယ်၊ ပြီးတော့ ငြိမ်သွားတယ်ပေါ့” လို့ ပြောပါတယ်။

မန္တလေးတိုင်းမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်တွေ အရှိန်တန့်သွားပေမဲ့ သိမ်းယူထားတဲ့ နေရာတွေကို ဒေသတွင်း PDF တွေက ဆက်ထိန်းထားဖို့ ကြိုးစားနေတာပါ။ လတ်တလောမှာ ဆက်တိုက်အရေးနိမ့်နေတဲ့ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီက ထည့်မတွက်တော့ဘဲ သူတို့ထိန်းနိုင်ခြေရှိသေးတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသကို ပိုပြီးအာရုံစိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024