DVB Logo
Home
မြန်မာသတင်း
ကောလင်း သယံဇာတစီမံအဖွဲ့ အတွင်းရေးမှူး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်အောင် NUG ဆောင်ရွက်မည် 
DVB
·
January 9, 2025
ကောလင်း သယံဇာတစီမံအဖွဲ့ အတွင်းရေးမှူး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်အောင် NUG ဆောင်ရွက်မည် 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး လုပ်ကြံ သတ်ဖြတ်ခံရမှု အမြန်ဆုံးအမှုမှန်ပေါ်အောင်ဆောင်ရွက်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။

ကောလင်းမြို့နယ်၊ NUG သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာဟာ ဇန်နဝါရီ ၂ ရက်က ကောလင်းမြို့အနောက်ဘက်ခြမ်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

ဦးအရိန္ဒမာဟာ CDM ဝန်ထမ်းတယောက်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ NUG က အမှုမှန်ပေါ်အောင်ဆောင်ရွက်ပြီး ထိထိရောက်ရောက်အရေးယူမယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကောလင်းသယံဇာတကော်မတီအတွင်းရေးမှူး တာဝန်ရှိသူပေါ့နော်၊ တော်လှန်ရေးအတွက်လည်း ဆုံးရှုံးမှုတခုပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးဖို့အတွက် ကြိုးစား ဆောင်ရွက်နေတယ်ဆိုတာ သိရှိရပါတယ်။ နယ်မြေမှာရှိတဲ့တာဝန်ခံတွေကိုလည်း လူသတ်သံသယရှိ တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းဆောင်ရွက်နေတာရှိပါတယ်ဆိုတာ ပြောလို့ရပါတယ်ခင်ဗျ။ အမှုမှန်ပေါ်ပေါက်ရေး အတတ်နိုင်ဆုံး လုပ်ကိုင်သွားမှာဖြစ်တယ်။ မြေပြင်မှာရှိတဲ့ ပကဖ၊ ပအဖ၊ ပလဖ တာဝန်ရှိသူတွေနဲ့လည်း ပူးတွဲဆောင်ရွက်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတာကြောင့် NUG က အမြန်ဆုံးအမှုမှန်ပေါ်အောင်ဆောင်ရွက်ပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက ဇန်နဝါရီ ၅ ရက်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။

လက်နက်ကိုင်အင်အားစု စိုးမိုးနယ်မြေတွေထဲမှာ လက်နက်ကိုင်ထားတဲ့အစုအဖွဲ့တွေက လက်နက်မဲ့ CDM တွေနဲ့ပြည်သူတွေကို မကြာခဏခြိမ်းခြောက်ပြောဆိုတာတွေဆက်တိုက်ဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

CDM ဝန်ထမ်း ဆရာSpringက “ဖြစ်စဉ်တခုလုံးက တော်လှန်ရေးအဖွဲ့တွေ လွှမ်းမိုးနယ်မြေထဲမှာဖြစ်ခဲ့တာ။ ကောလင်းဆိုတာ အားလုံးသိကြတဲ့အတိုင်း ရွှေ၊ သစ် ထွက်တဲ့နေရာမျိုးပေါ့၊ အဲ့လိုနေရာမျိုးမှာ တာဝန်ထမ်းဆောင်နေတဲ့ သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ကျနော်တို့ရဲ့ CDM ဆရာ အရိန္ဒမာကို လုပ်ကြံသတ်ဖြတ်လိုက်တာဟာ စဉ်းစားစရာတွေ အများကြီးပဲ။ တော်လှန်ရေးနယ်မြေထဲမှာပဲ ကျနော်တို့လို လက်ရှိ တော်လှန်ရေးတာဝန်တွေဆက်လက်ထမ်းဆောင်နေကြတဲ့ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခုလို့ မြင်မိတယ်။ အမှန်တရားနဲ့ တရားမျှတမှုကိုမပြောရဲအောင် ဟန့်တားမှုတခုလို့လည်း ရှုမြင်မိတယ်”လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က ကနီမြို့နယ် တပုန်းကျေးရွာမှာ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ပညာရေးဝန်ထမ်း ဦးဝင်းဌေး၊ ဇနီးနဲ့ ၃ လသားအရွယ် ကလေးငယ်တို့နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

မင်းကင်းမြို့နယ် ပြည်သူ့အခြေပြုကျောင်း အထက(ခွဲ) သံပေါက်ကို Local PDF အဖွဲ့တခုက ဇန်နဝါရီ ၃ ရက်မှာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်နေ့မှာ မင်းကင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့နဲ့ CDM ပညာရေးဝန်ထမ်းတွေက အမျိုးသားညီညွတ်ရေးအစိုးရက ကူညီဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

ကနီနယ် CDM ဆရာတယောက်က  “ပညာရေးတာဝန်ခံတယောက် ဒီလိုလုပ်ကြံခံရတဲ့အ အနေအထားမှာပေါ့ဗျာ အခုက ၂ လကျော်ကျော်လောက်ရှိနေပြီဆိုတဲ့အနေအထားမှာ ပညာရေးဘုတ်အဖွဲ့ကလည်း ကိုဝင်းဌေးအတွက် သီးသန့်အစည်းအဝေးတခုလုပ်ပြီးတော့ ဘယ်လိုဖိအားပေးရမယ်ဆိုတာ ပြောတော့ ပြောရမယ်ထင်တယ်ဗျ။ မိအောင်မဖမ်းနိုင်ဘူးဆိုတော့ ပလဖလုပ်ငန်းစဉ်တော့ ဘယ်လိုရှိမယ်မပြောတတ်ဘူး။ ဆိုလိုတာက သူတို့သိထားတဲ့ အချက်အလက်တွေကို ပညာရေးဘုတ်အဖွဲ့ကိုချပြချင်လည်းပြမယ်၊ မပြချင်လည်းမပြဘူးပေါ့ဗျာ။ ခုလောလောဆယ်ကတော့ ပွင့်လင်းမြင်သာမှုကတော့ ဘာမှချပြထားတာတော့ ကျနော်တို့ သိသလောက်ကတော့ မရှိသေးဘူး”လို့ ပြောပါတယ်။

မင်းကင်းနယ် CDM ဆရာတယောက်က “ခုနောက်ပိုင်းမှာ ဦးဝင်းဌေးကိစ္စဖြစ်ပြီးတော့ ကျနော်တို့ CDMတွေအနေနဲ့လည်း လုံခြုံရေးပိုင်းဆိုင်ရာအားနည်းတယ်လို့ထင်ရတယ်။ နောက် ညရေးညတာက စပြီးတော့ ကိုယ့်အိပ်ယာထဲမှာအိပ်နေရတဲ့ အခြေအနေတောင်မှ ဘယ်အချိန်မှာ ဘာထ ဖြစ်မလဲပေါ့။ စစ်ကောင်စီနယ်မြေအတွင်းမှာလည်းမဟုတ်ဘူး။ ကျနော်တို့ လက်ရှိ နေနေတဲ့ဟာသည်လည်း ပြည်သူ့အုပ်ချုပ်ရေးနယ်မြေထဲမှာ နေနေရတာ။ ကိုယ့်ရဲ့ လုံခြုံရေးကို အာမခံချက်မပေးနိုင်သလို ဖြစ်နေပါတယ်ဗျာ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အစုအဖွဲ့ငယ်ပေါင်း ရာနဲ့ချီရှိနေပြီး NUG လက်အောက်ခံအဖွဲ့တွေအ ချင်းချင်းကြားအဆင်မပြေမှုတွေ၊ NUG လက်အောက်ခံအဖွဲ့တွေနဲ့ Local PDF တွေအကြား အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

လက်နက်ကိုင်အစုအဖွဲ့တွေအကြား အသက်သေဆုံးတဲ့အထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ကိုင်တွယ်ဖြေရှင်းနေရတဲ့အမှုပေါင်း ရာနဲ့ချီရှိနေခဲ့တာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ပ သုံးလုံးလို ကိစ္စမျိုးတွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလို အပိုင်းမျိုးတွေမှာ အားနည်းတဲ့အပိုင်းတွေရှိနေတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ဟာ ပြုပြင်ဖို့လည်း တစိုက်မတ်မတ်ကြိုးစားနေတယ်၊ ဒီအားနည်းချက်တွေကို ပြင်ဆင်သွားဖို့ မှားယွင်းချက်တွေကိုပြင်ဆင်ဖို့လုပ်နေတယ်။ ကျောသားရင်သားမခွဲခြား၊ မုန်းသည် ချစ်သည်မဟုတ်၊ စနစ်တကျ ဥပဒေအရလုပ်သွားဖို့ သမ္မတကြီး ထောက်ပြပြောကြားသွားတာလည်းရှိပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ကုန်စည်လမ်းကြောင်းတွေကို ဂိတ်ဖွင့်အခွန်ကောက်ခံတာ၊ သစ်ကုန်ကူးတာတွေကနေ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက အဓိကဝင်ငွေရှာဖွေခဲ့ကြပြီး မြေပြင်မှာ နယ်မြေလုကြတာတွေကြောင့် မကျေလည်မှုတွေဟာ တစစ ကြီးထွားလာတာ ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ရပ်ကျေးနဲ့ မြို့နယ်အလိုက် လက်နက်ကိုင်အစုအဖွဲ့ ထောင်နဲ့ချီ ပြန့်ကျဲ နေတာကို မစုစည်းနိုင်တာ၊ အစုအဖွဲ့တခုချင်းစီက ရှင်သန်ရေးအတွက် နည်းလမ်းစုံနဲ့ဖြေရှင်းကြတာ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှုမရှိတာတွေကြောင့် တော်လှန်ရေးအစောပိုင်း အချိန် ၂ နှစ်ကျော်တွင်းမှာ NUG တိုင်ကြားစာကော်မတီ ၃ ခုဆီကို ရောက်လာတဲ့ NUG ဝန်ကြီးဌာန ၁၇ ခုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013