
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်နဲ့ ရာအိမ်မှူးလင်မယား ဇန်နဝါရီ ၇ ရက် မနက်က ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ က ရဲဘော်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း အဲဒီအဖွဲ့က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ပေါင်းတလည်မြို့နယ်၊ ဗြူကုန်းအုပ်စု၊ မြို့လှစံပြကျေးရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးနဲ့ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေ ရာအိမ်မှူး ချက်ဖောင်း (ခ) ဇော်မင်းဦးတို့ လင်မယားဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ရဲဘော်တွေ အဖွဲ့နှစ်ဖွဲ့ခွဲပြီးသွား ပစ်တာပါ။ သူတို့က အုပ်စုမတူတော့ တရွာနဲ့တရွာ ၆ မိုင်လောက်ဝေးတယ်။ ရာအိမ်မှူးလင်မယားကို သွားပစ်တော့ သူတို့ အိမ်မှာမရှိဘူး၊ အဲဒါနဲ့ မီးသွေးဖိုကို သွားတာသိလို့ လိုက်သွားတာ၊ ဟိုကျ တွေ့တော့ ချက်ချင်းပဲ ပစ်ခဲ့လိုက်တာ။ အုပ်ချုပ်ရေးမှူးကတော့ သူ့အိမ်ရှေ့မှာ အစ်ကိုတို့အဖွဲ့တွေကို မြင်လို့ ထွက်ပြေးတာမှာ ပစ်လိုက်တာ ထိသွားတာ။”
အဲဒီ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးလင်မယားဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို စစ်တပ်ကိုပို့ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခိုင်းတာ၊ ငွေကြေးတောင်းယူတာတွေ လုပ်ဆောင်တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ စစ်ထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“ရာအိမ်မှူးလင်မယားက ဘယ် PDF မှ ဂရုမစိုက်ဘူးဆို ကြွေးကြော်နေတာ။ သူ့မိန်းမက ပိုဆိုးတယ်၊ ရဲစခန်းကို အမြဲအဝင်ထွက်ရှိတယ်၊ တော်လှန်ရေးသတင်းတွေ ပို့တယ်၊ ရွာကသတင်းတွေ ပို့တယ်၊ မကျေနပ်တဲ့သူရှိရင် ရဲခေါ်ဖမ်းခိုင်းတယ်၊ အဲဒါကြောင့် သူ့ပါပစ်ဖို့ ရည်ရွယ်ပြီး သွားတာပါ။ အုပ်ချုပ်ရေးမှူးလည်း နုတ်ထွက်ဖို့ ဖုန်းဆက်ပြီး ၃ ကြိမ် သတိပေးတာကို နုတ်မထွက်ဘဲ စစ်မှုထမ်းဖို့ လူရှာပေးတာတွေ ဆက်လုပ်နေတာ၊ အဲဒါကြောင့် အရေးယူရတာ။”
ရာအိမ်မှူးလင်မယားအလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ကြည့်ရှု စစ်ဆေးသွားပြီး အနီးနားရှိ ပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ပေါင်းတလည်မြို့မှ အမျိုးသားတယောက်က ပြောပါတယ်။
“အဖမ်းခံရတာတော့ မကြားဘူး၊ ရာအိမ်မှူးလင်မယားကတော့ ပွဲချင်းပြီးသေသွားတယ်။ အုပ်ချုပ်ရေးမှူးကတော့ မသေဘူး၊ ပြည်ဆေးရုံကို သွားသေးတယ်၊ လမ်းမှာ ဆုံးသွားတာတဲ့၊ ခုဖြစ်သွားတဲ့ နေရာတွေက ရဲစခန်းနဲ့နီးတယ်။”
အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီ သတင်းပေးလို့ သတ်မှတ်ထားသူတွေကို ပစ်ခတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဂွေးချောင်းကျေးရွာမှာ စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ထားတဲ့ လင်မယား ၂ ယောက်ကို ပစ်ခတ်ရာ အမျိုးသား ထွက်ပြေးသွားပြီး အမျိုးသမီး သေဆုံးခဲ့ပါတယ်။