DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်းအနီးရှိ စစ်ကောင်စီ ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းယူ
DVB
·
January 8, 2025
ငါးသိုင်းချောင်းအနီးရှိ စစ်ကောင်စီ ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းယူ
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

ငါးသိုင်းချောင်းမြို့နဲ့ မိုင် ၃၀ ကျော်အကွာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ် ဖြစ်တဲ့ စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်အဖွဲ့တွေက ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက စတင် စီးနင်း တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရေး သတင်းအရင်းမြစ်တယောက်က “ဗေဒါဂိတ်ကို မနေ့ မနက်ပိုင်းလောက်ကတည်းက အပြီးသတ် သိမ်းယူလိုက်တယ်လို့ သိရတယ်။ ဗေဒါဂိတ်က အရင်က ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံနဲ့ လည်ပတ်နေတဲ့ဂိတ်ပါ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး စစ်ကောင်စီ ရဲနဲ့ စစ်သားတွေ တပ်စွဲနေထိုင်နေတာလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး လက်ရှိ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်မယ်လို့ ဒေသခံတွေကို ပြောဆိုနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “လေကြောင်းပစ်ကူနဲ့ ပြန်ချမယ်ဆိုပြီး ဂိတ်အနီးက ဒေသခံတွေကို စစ်ကောင်စီတပ်က ရှောင်ချင်ရှောင်ပေါ့ဆိုပြီး ပြောနေတာ။ ဗေဒါစစ်ဆေးရေးဂိတ် အသိမ်းခံရတာ မှန်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက သိမ်းယူထားပြီးဆိုတဲ့ ငါးသိုင်းချောင်းမြို့အနီး ဗေဒါစစ်ဆေးရေးဂိတ်ဟာ ဧရာဝတီတိုင်းအတွက် စစ်ရေးအရ အရေးပါတဲ့ ဂိတ်တခုဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဗေဒါဂိတ် ကျသွားပြီဖြစ်လို့ ဧရာဝတီတိုင်း၊ ရေနံ့သာ စစ်ဆေးရေးဂိတ်နဲ့ အင်္ဂပူမြို့က အမြောက်တပ် အမတ ၃၄၄ ကိုပါ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်လာမှာကို စစ်ကောင်စီက စိုးရိမ်နေပြီး စစ်အင်အား တိုးချဲ့ဖြည့်တင်းနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဗေဒါဂိတ် ကျသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို သိမ်းယူထားတဲ့ AA ဘက်ကလည်း ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013