DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးခရီးကို မြန်မြန်လျှောက်ကြရန် NUG အစိုးရအဖွဲ့ဝင်များကို တိုက်တွန်း 
DVB
·
January 7, 2025
တော်လှန်ရေးခရီးကို မြန်မြန်လျှောက်ကြရန် NUG အစိုးရအဖွဲ့ဝင်များကို တိုက်တွန်း 
Donate to DVB

တော်လှန်ရေးခရီးကို မြန်မြန်လျှောက်ကြဖို့၊ ဒီနှစ်ထဲမှာလုပ်မယ့် လုပ်ငန်းစဉ်တွေကို ကြိုတင်ဆွေးနွေး ဆုံးဖြတ်ပြီးဖြစ်လို့ ပိုကောင်းအောင်လုပ်ဆောင်ကြဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ဝင်တွေကို ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က တိုက်တွန်း ပြောပါတယ်။

ဒီနေ့လုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောခဲ့တာဖြစ်ပြီး အရင်နှစ်ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ဒီနေ့အစိုးရအဖွဲ့အစည်းမှာ ‘၂၀၂၅ ဟာ အပြောင်းအလဲတွေ များမယ့်နှစ်’လို့ ခံယူပြီး ဆက်လက်ချီတက်ဖြတ်သန်းကြဖို့ ပထမဆုံး တိုက်တွန်းလိုပါတယ်။ အပြောင်းအလဲလို့ ပြောတဲ့နေရာမှာ အခြေအနေတွေရဲ့ အပြောင်းအလဲတွေကိုလည်း ကျနော်တို့ကြုံလာရမယ့် နှစ်ဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း မိမိကိုယ်ကို အပြောင်းအလဲတွေလုပ်ကြရမယ့်နှစ်လို့ ယူဆပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးတိုင်းမှာ၊ ကျနော့်အနေနဲ့ အမြဲတမ်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို ‘မြန်အောင်လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက်အောင်လည်း လုပ်ရမယ်’ ဆိုတဲ့ မူဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ၂၀၂၄ နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင်ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။ တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ်ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျနော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ဆုံးဖြတ်ချက်တွေ၊ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျနော်တို့ရဲ့ခြေလှမ်းတွေကို ကျနော်တို့ လေးလေးနက်နက် ပြန်လည်သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက်သာလွန်တဲ့ စွမ်းဆောင် ရည်တွေဖြစ်အောင် ကြိုးစားကြဖို့တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မယ့်လုပ်ငန်းစဉ်‌တွေကို ပြည်သူလူထုကို အစီရင်ခံတင်ပြပြီး လူထုနဲ့ တသားတည်း ဆက်ဆံရေးခိုင်မာနေဖို့ အထူးလိုအပ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တာကို အရေးတကြီးပြောလိုတယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးခရီးဆက်ကြတဲ့အခါ အထူးသတိချပ်ကြရမှာကတော့ ၂၀၂၅ ဆိုတာ ကျနော်တို့တော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေး ခေါင်းလောင်းထိုးနေတဲ့ နှစ်ဆိုတာပါပဲ။ ဒါ့ကြောင့် ခပ်သွက်သွက် ခရီးနှင်ကြရမယ့်နှစ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။” လို့ ပြောပါတယ်။

ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မဟာမိတ်ဆက်ဆံရေးကဏ္ဍတို့ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ရတယ်လို့လည်း သူက ပြောပါတယ်။

“မဟာမိတ်ဆက်ဆံရေးလို့ပြောရင် တော်လှန်ရေးအင်အားစုအားလုံး ဆိုလိုတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစု အသီးသီး၊ အစုအဖွဲ့အသီးသီးတွေနဲ့ အမြဲတမ်းသဘောထားတွေက စုစည်းညီညာနေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တူတာတွေကို စုစည်းပြီး တော်လှန်ရေးကို အရှိန်အဟုန်နဲ့ သွားနိုင်အောင် ကြိုးစားလို့ရပါတယ်။ ဒီအချိန်မှ မစုစည်းနိုင်ရင် နောင်စုစည်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီလို အကြမ်းဖက်စစ်အုပ်စု ဖိအားအများဆုံး ဖြစ်နေတဲ့အချိန်မျိုးမှာ ကျနော်တို့က ပိုမိုစုစည်းပြီး ရုန်းနိုင်ကြရမှာပါ။ ဒီနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရအတွက် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိသလို အာရုံစိုက်စရာတွေကလည်း များပါတယ်။ တော်လှန်ရေးအရှိန်မြှင့်မှုတွေနဲ့ အတူ နိုင်ငံရေးအရ ဆွေးနွေးစရာတွေ၊ နိုင်ငံတကာရဲ့ အခြေအနေတွေ စသဖြင့် ကဏ္ဍပေါင်းစုံကနေ လစ်ဟင်းမှုမရှိစေပဲ အလုပ်လုပ်ကြရမယ့် ကာလပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ မဟာမိတ်ကိစ္စတွေကို ဒီလတွေထဲမှာပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013