
အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ လုပ်ဆောင်နေတဲ့ လက်ရှိ စစ်ဆင်ရေးတွေအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား အယောက် ၃၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က မတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အစ္စရေးဘက်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာတော့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ ဆိုတဲ့ အဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းတွေ ပါဝင်ပါတယ်။
အစ္စရေးဘက်ကတော့ ဟစ်ဇ်ဘိုလာတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် လက်ဘနွန်တောင်ပိုင်းရဲ့ အစိတ်အပိုင်း တော်တော်များများကို သိမ်းပိုက်ပြီး ကြားခံနယ်မြေတခု တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။
ဒါကြောင့် လက်ဘနွန်ပြည်သူတွေကြားမှာ အစ္စရေးတပ်တွေ ဝင်ရောက်နေထိုင်မဲ့ အန္တရာယ်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး စစ်ဘေးရှောင်ရတာတွေနဲ့ မတည်ငြိမ်မှုတွေ ပိုဆိုးလာမှာကို ကြောက်ရွံ့နေကြပါတယ်။
အစ္စရေးမြေပြင်တပ်ဖွဲ့တွေဟာ မြစ်ရဲ့တောင်ဘက်ပိုင်းမှာ ခံစစ်ကတုတ်ကျင်း အသစ်တွေ တည်ဆောက်နေပြီး လူသူမရှိတော့တဲ့ ကျေးရွာတွေထဲက အိမ်တွေကိုလည်း ဖျက်ဆီးပစ်နေကြပါတယ်။
ဟစ်ဇ်ဘိုလာကတော့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်မှုကို တားဆီးတိုက်ခိုက်သွားမယ်လို့ ပြောထားပြီး ဒီလုပ်ရပ်ဟာ လက်ဘနွန်အတွက် တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှုတခုအဖြစ် သတ်မှတ်ထားပါတယ်။
Source: Reuters










