DVB Logo
Home
မြန်မာသတင်း
မြဝတီရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းရန် ကရင်လက်နက်ကိုင်များ သဘောတူ
DVB
·
January 7, 2025
မြဝတီရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းရန် ကရင်လက်နက်ကိုင်များ သဘောတူ
Donate to DVB

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ အာဝါဒေးလောင်းကစားဝိုင်းတွေကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပိတ်သိမ်းသွားဖို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူထားတယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က DVB ကို ပြောပါတယ်။

ပွင့်လင်းရာသီကစတင်ပြီး ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တွင်းက ကျေးရွာတွေနဲ့ နေရာအနှံမှာ လောင်းကစားဝိုင်းတွေကို အကြောင်းအမျိုးမျိုးပြပြီး  ပြုလုပ်နေကြတာပါ။

လောင်းကစားဝိုင်းတွေကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KLNA(PC) ငြိမ်းချမ်းရေးကောင်စီ၊  နယ်ခြားစောင့်တပ်(BGF)အဖွဲ့အစည်းတွေက ကရင်နှစ်သစ်ကူးနေ့ အပြီး မြဝတီမြို့မှာ အာဝါဒေးလောင်းကစားနဲ့ လူမြင်ကွင်းက ဂိမ်းဆိုင်တွေကို ပိတ်သိမ်းသွားဖို့ သဘောတူညွန်ကြားထားပါတယ်။

DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က “ဒီနှစ်ကုန်လို့ရှိရင် ဒီမြဝတီမြို့ရဲ့ အာဝါဒေးတွေ အကုန်လုံးပိတ်ဖို့  နယ်ခြားစောင့်တပ်နဲ့ လက်ရှိ PC နဲ့ DKBA နဲ့ သွားတွေ့တဲ့ အချိန်မှာသဘောတူခဲ့တာတွေရှိတယ်။ ဒီနှစ်သစ်ကူးပြီးရင် ဒီမြဝတီမှာရှိတဲ့ အာဝါဒေးတွေကတော့ လုံးဝပိတ်လိုက်မယ်။ ဂိမ်းဆိုင်တွေကျတော့  လူမြင်သူမြင်တွေ လမ်းဘေးမှာမြင်တဲ့ဟာတွေ ပပျောက်ပေးဖို့ ပိတ်ပေးဖို့ အဲဒီလို ညွန်ကြားထားတာရှိပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ရိုးရာအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ လမ်းတံတားဖွင့်ပွဲတွေနဲ့ ကျေးရွာရန်ပုံငွေပွဲတွေကို   ငွေကြေးရယူပြီး  စီးပွားရေးတခုလိုလုပ်ကိုင်နေတာပါ။

ဒါအပြင် လောင်းကစားဝိုင်းတွေကို လက်နက်ကိုင်အမည်ခံပြီး သာသနာပိုင်နယ်မြေထဲမှာတောင် လုပ်ဆောင်လာတာတွေရှိ ပါတယ်။

မြန်မာ- ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှာ အာဝါးဒေးနဲ့ ပွဲလမ်းသဘင်တွေကို ရုပ်သိမ်းထားတာ ၅ ရက်လောက်ရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “အခုက ၅ ရက် ၁ ပတ်လောက်ရှိပြီ။ အာဝါဒေးဝိုင်းတွေ ပွဲခင်းတွေ ရုပ်သိမ်းထားတယ်။ ရေရှည်တော့ သူတို့ ဒီအတိုင်းတော့ မဟုတ်ဘူး။ သူတို့ခဏ တဖြုတ် သူတို့ ငြိမ်နေတာလို့ ထင်တယ်။ အကြောင်းတခုခုကြောင့် ခဏ ငြိမ်တယ်။ ရေရှည်ကတော့ အမြဲတမ်း ပိတ်သိမ်းမယ့်ပုံ မပေါ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဲ့ပဲသူတို့တွေက စီးပွားရှာနေ နေကျတာလေ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်တွင်းက မြို့နယ်တွေမှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ တွေ့ဆုံဆွေးနွေးသဘောတူထားတာနဲ့ လက်ရှိအခြေအနေကို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှုးချုပ် စောချစ်သူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါအပြင် KNU/KLNA(PC) ငြိမ်ချမ်းရေးကောင်စီရဲ့ (ပြောခွင့်ရ) ဗိုလ်မှူးကြီး စောကျော်ညွန့်ကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးတက်ရောက်နေကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီနဲ့ လူထုတွေ့ဆုံပွဲမှာ လောင်းကစား၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာ တွေကို ဥပဒေအရထိရောက်စွာ အရေးယူသွားမယ်လို့ ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013