
ရခိုင်ပြည်နယ်၊ မောင်တောတောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ မေယုတောင်ကျော်လမ်းမှာ ဇန်နဝါရီ ၄ ရက်က ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတယောက် သေဆုံးပြီး နောက်ထပ်ဒေသခံ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေယုတောင်ကျော်လမ်း မြိုယုကျေးရွာအနီးမှာ ဇန်နဝါရီ ၄ ရက် ညနေ ၇ နာရီလောက်မှာ ကျောက်ပန္ဒူဘက်ကလာတဲ့ အိန္ဒိယ သုံးဘီးတစီးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတယောက် နေရာမှာတင် သေဆုံးခဲ့သလို သုံးဘီးမောင်းသူ အပါအဝင် နောက်ထပ် အမျိုးသား တယောက်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ကျောက်ပန္ဒူကျေးရွာသားက ပြောပါတယ်။
“သုံးဘီးကတော့ အင်းဒင်က သုံးဘီးလို့ သိရတယ်။ သူတို့က ကျောက်ပန္ဒူ-စေတီပြင် လမ်းအတိုင်း မေယုတောင်ကျော်က သွားကြတာမှာ မြိုယုရွာအနီးမှာ ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံရတာလို့ သိရတယ်။ အမျိုးသားတဦးက အခင်းဖြစ်တဲ့နေရာမှာ သေသွားပြီးတော့ သုံးဘီးမောင်းသူနဲ့ နောက်ထပ်အမျိုးသားတဦးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ လူတွေက အရင်က ဒီနေရာမှာ တိုက်ခိုက်မှု တခါမှ မကြုံဘူးတာကြောင့် အရမ်းစိုးရိမ်နေကြတယ်။”
ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူနဲ့ သေဆုံးသွားသူတွေဟာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသားနဲ့ ဥဒေါင်းကျေးရွာသားတွေ ဖြစ်ကြတယ်လို့ ကျောက်ပန္ဒူကျေးရွာသားတွေက ပြောပါတယ်။
ARSA အဖွဲ့ဟာ အရင်က မောင်တောမြောက်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာသာ လှုပ်ရှားတာဖြစ်ပြီး ကုန်သည်တွေရဲ့ ကားတွေကိုလည်း မကြာခဏ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေကြရတာ ဖြစ်ပါတယ်။
ARSA အဖွဲ့က မောင်တောတောင်ပိုင်းအထိ ရောက်ရှိလာတာကြောင့် ကျောက်ပန္ဒူ-စေတီပြင် လမ်းပိုင်းကို အသုံးပြုဖို့ စိုးရိမ်မှုတွေ ရှိလာကြတယ်လို့ ကျောက်ပန္ဒူကျေးရွာသား နောက်တယောက်က ပြောပါတယ်။
“အရင် ကျောက်ပန္ဒူ-စေတီပြင် လမ်းပိုင်းမှာ ARSA တိုက်ခိုက်တာမျိုး မရှိဘူး။ မောင်တောမြောက်ပိုင်းမှာပဲ တိုက်ခိုက်တာ။ အခုက တောင်ပိုင်းအထိ ပျံ့နှံ့လာပြီဆိုတော့ အဲဒီလမ်းက သွားလာဖို့တောင် စိုးရိမ်လာကြတယ်။ AA အနေနဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ARSA တပ်ဖွဲ့ကိုသာ ထိထိရောက်ရောက် မရှင်းလင်းနိုင်ရင် ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။”
မောင်တောမြို့နယ် ကြိမ်ချောင်း-တောင်ပြိုလမ်းပိုင်းမှာလည်း ARSA အဖွဲ့က မကြာခဏ ခြုံခိုတိုက်မှုတွေကြောင့် ကုန်သည်တွေနဲ့ ဒေသခံတွေ မကြာခဏ ထိခိုက်သေဆုံးနေကြတာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ကလည်း တောင်ပြိုလက်ဝဲမြို့က ဈေးဝယ်ပြီးပြန်လာတဲ့ ကားတစီးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း AA က ထုတ်ပြန်ခဲ့ပါတယ်။
မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မောင်တောနဲ့ ဘူးသီးတောင် တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ရိုဟင်ဂျာ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။










