DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် မိုးဗြဲတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃၀ ခန့်သေဆုံး
DVB
·
January 6, 2025
ဝက်လက်နှင့် မိုးဗြဲတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃၀ ခန့်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၅ ရက် မနက်စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးကာ စစ်သား ၃ ယောက် အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်းအခြေစိုက်တဲ့ တပ်မ ၃၃ က အင်အား ၇၀ လောက်က ကျနော်တို့ ဝက်လက်မြို့နယ်ထဲက အုန္နဲဘုတ်ရွာထဲကို ၀င်စီးပြီး ပြည်သူပိုင်ပစ္စည်းတွေယူပြီးတော့ ညအိပ်စခန်းချနေတာကို သတင်းရလို့ နောက်နေ့မနက် အစောပိုင်းမှာ သူတို့စခန်းချနေတဲ့ အုန္နဲဘုတ်ရွာထဲအထိ ဝင်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှာ အုန္နဲဘုတ်ရွာကို ၀င်ရောက်စီးနင်းကာ ညအိပ်စခန်းချနေတဲ့အတွက် ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့စခန်းချနေတဲ့ အဆိုပါကျေးရွာအတွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြားတော်လှန်ရေးအင်အားစု)ရဲ့ တပ်ရင်းမှူး ဗိုလ်စွန်ရဲက “စစ်(--)တွေက ပြည်သူပိုင်ပစ္စည်းတွေကိုခိုးပြီး ပျော်ရွှင်မြူးထူး သောက်စားပြီးတော့ အိပ်နေကြတဲ့အချိန် ဝင်တိုက်တာပါ။ တိုက်ပွဲကြာချိန်က ၅ နာရီနီးပါးလောက် ရှိတယ်။ သူတို့ဘက်က ၂၀ ကျော်သေတာကတော့ မျက်မြင်တွေ့ခဲ့ရတာ။ သုံ့ပန်း ၃ ယောက်ကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်။ တချို့လည်း တောထဲထွက်ပြေးသွားကြလို့ ကျနော်တို့ဘက်က ဝိုင်းဝန်း ပိတ်ဆို့ပြီး လိုက်လံရှင်းလင်းနေပါတယ်။ တိုက်ပွဲဖြစ်နေတုန်းမှာ သူတို့ဘက်က အထိနာပြီး လေကြောင်းပစ်တောင်းလို့ဖြစ်မယ်၊ ဂျက်ဖိုက်တာ ၄ စီးနဲ့ အကြိမ် ၂၀ ကျော် ပစ်ကူပေးသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းကနေ MA1 သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု၊ ၆၀ မမဗုံးသီး ၃ လုံးနဲ့အတူ တခြား စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့​ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြားတော်လှန်ရေးအင်အားစု) နဲ့အတူ ရွှေဘိုခရိင် အမှတ် ၂၃ တပ်ရင်း၊ ကြောင်လက်သည်းတပ်ဖွဲ့ တပ်ရင်း ၁၈ တပ်ခွဲ ၁၊ ဝက်လက်မင်းသားကြီးအဖွဲ့ တပ်ခွဲ ၂၊ ProLife အဖွဲ့ တပ်ခွဲ ၃၊ ဗိုလ်သင်္ချိုင်းအဖွဲ့ တပ်ခွဲ ၄ ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့တွေ အပါအဝင် ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းစုတွေဘက်က တော်လှန်ရေး ရဲဘော် ၅ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် အနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး ဇန်နဝါရီ ၁ ရက် ထိတွေ့မှုမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

KNA ပြန်ကြားရေးတာဝန်ခံက “မစ်ရှင်ပုံစံမျိုးနဲ့ လုပ်ထားတာပေါ့နော်။ သူတို့ဘက်မှာ အသေအပျောက်က ၁၀ အထက်မှာရှိတယ်။ ပစ္စည်းတွေတော့ မရလိုက်ဘူးပေါ့နော်။ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးကျတယ်၊ ကျန်တာတွေတော့ ပြောလို့မရသေးပါဘူး။”

မိုးဗြဲ ခမရ ၄၂၂ တပ်အနီးနားက ကင်းပုန်းတပ်တခုကို ဝင်ရောက်ချေမှုန်းတာဖြစ်ပြီး ဒေသခံတပ်ဖွဲ့တွေ၊ မြို့ခံတပ်ဖွဲ့တွေ၊ KNDF နဲ့ တခြားအစုအဖွဲ့တွေလည်းပါဝင်ကာ စစ်ကောင်စီတပ်ကို တော်လှန်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေတာကြောင့် ဒီဇင်ဘာ တလအတွင်း ဒေသခံတွေရဲ့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲရာမှာလည်း ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ S-PHOS တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မိုးဗြဲအနီးနားမှာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013