DVB Logo
Home
မြန်မာသတင်း
လွတ်ရက်စေ့ ရိုဟင်ဂျာများကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထား
DVB
·
January 6, 2025
လွတ်ရက်စေ့ ရိုဟင်ဂျာများကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထား
Donate to DVB

အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ခံယူပြီးလွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီး ထားတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေနဲ့ အကျဉ်းသားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေအရ ပုဒ်မ  ၆-၂၊ ၆-၃ နဲ့ တရားစွဲပြီး ထောင် ၂ နှစ်ကနေ ၅ နှစ်အထိချလေ့ရှိပြီး လွတ်ရက်စေ့ပေမဲ့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ရိုဟင်ဂျာ လွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

“ရိုဟင်ဂျာတွေ ထွက်ပြေးတဲ့အချိန်မှာ ဖမ်းဆီးခံထားရတာတွေက ထောင်နဲ့ချီရှိတယ်။ လွတ်ရက်စေ့ပေမဲ့လည်း မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားတယ်။ အရင်တုန်းကတော့ ဒီလို လွတ်ရက်စေ့ရင် ရခိုင်ပြည်နယ်ကို ပြန်ပို့လေ့ရှိတယ်။ အခုဖမ်းဆီးထားတဲ့အထဲ ကလေးတွေ အမျိုးသမီးတွေပါတယ်။ သူတို့ နေထိုင်စားသောက်ရေး တော်တော်လေးအခက်အခဲရှိတယ်။ လွတ်ရက်စေ့ရင် အခုလက်ရှိက ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့တွက် ကြောင့် ပြန်လို့မရဘူးဆိုရင်လည်း စစ်တွေလို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နေရာလောက်ထိ ပြန်ပို့လို့ရတယ်။ တမင်သက်သက် ပစ်မှတ်ထားပြီးတော့ ညှဉ်းပန်းနှိပ်စက်တယ်လို့ပဲ သဘောထားမှတ်ချက်ပေးချင်ပါတယ်။”

လက်ရှိ အင်းစိန်အပါအဝင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ပြည် စတဲ့အကျဉ်းထောင်တွေထဲ ရိုဟင်ဂျာ ၁၉၅၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး မြောင်းမြအကျဉ်းထောင်တခုတည်းမှာပဲ လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်သေးတဲ့ ရိုဟင်ဂျာ ၁၅၀ ဝန်းကျင်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (PPNM) က ထုတ်ပြန်ထားပါတယ်၊

အကျဉ်းထောင်အသီးသီးက ထောင်ဝင်စာအခက်အခဲရှိတဲ့ ရိုဟင်ဂျာ အကျဉ်းသားတွေကိုတော့ နိုင်ငံရေးအကျဉ်းသားတွေကကူညီပြီး အစားအသောက်တွေ ထောက်ပံ့ပေးထားတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကစစ်တွေအကျဉ်းထောင်မှာ ရိုဟင်ဂျာတွေကို ရာနဲ့ချီဖမ်းဆီးထားတယ်။ နောက်စစ်တွေကနေမှ ပုသိမ်ကိုထောင်ပြောင်းတွေပို့တော့ ရိုဟင်ဂျာတွေလည်း ပါလာတာရှိပါတယ်။ လက်ရှိ လွတ်ရက်စေ့တဲ့ရိုဟင်ဂျာ ကျနော်တို့ရထားတဲ့စာရင်းအရဆို အနည်းဆုံး ၂၅၀ ဝန်းကျင်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ လွတ်ငြိမ်းမှာလည်း ရိုဟင်ဂျာတွေ ရာနဲ့ချီ လွတ်နဲ့စေ့ခဲ့ပေမဲ့ အခုချိန်ထိ လွတ်မြောက်ခွင့်မရသေးဘူး။ အကျဉ်းထောင်ထဲမှာပဲ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို ပြင်ပကို လွှတ်ပေးတာမရှိတဲ့အတွက် ဒီလွတ်လပ်ရေးနေ့က လွှတ်ပေးတဲ့အထဲမှာလည်း မပါဝင်လာသေးဘူးလို့ ပြောရင် ရပါတယ်။”

၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား ၆၀၀၀ လောက်ကို လွတ်ငြိမ်း သက်သာခွင့်တွေပေးခဲ့ရာမှာ နိုင်ငံရေးပုဒ်မကြီးတွေမပါဝင်ဘဲ ခိုးမှုလုယက်မှုတွေကိုသာ ဖြေလျော့ ပေးခဲ့ပြီး တလအတွင်းလွတ်ရက်ကျန်ရှိသူတွေကိုပဲ ဦးစားပေးလွှတ်ပေးခဲ့တာပါ။

အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာတွေ လှေစီးထွက်ပြေးခဲ့ကြတာမှာ ၂၀၂၃ ခုနှစ်အတွင်း ၄၅၀၀ နီးပါးရှိခဲ့ပြီး လမ်းခုလတ်မှာ သေဆုံး ပျောက်ဆုံးသူက ၆၀၀ ဝန်းကျင်ရှိတယ်လို့ UNHCR က ၂၀၂၄ အစမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာတော့ အာရက္ခတပ်တော် (AA) ရဲ့ အပြီးသတ် ထိန်းချုပ်နိုင်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့မှာလည်း ရိုဟင်ဂျာတွေအနေနဲ့ နေရပ်ပြန်နေထိုင်ဖို့ မရေရာတဲ့ အခြေအနေတွေဖြစ်တယ်လို့ စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့တွေကို ပြောဆိုနေကြ ပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013