
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်က တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ ယောက် ကျဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက စုံစမ်းသိရပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီဝန်ကျင်က ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ကျဆုံးသွားတဲ့ရဲဘော်တွေဟာ စစ်တောင်းမြစ်အရှေ့ခြမ်း ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က ရဲဘော်တွေဖြစ်တယ်လို့ တိုက်ပွဲမှာပါတဲ့ ရဲဘော်တယောက်က ပြောပါတယ်။
“စစ်တပ်စစ်ကြောင်းက ကရင်ချောင်းတံတားကနေထိုးလာတာ၊ ရေလွှဲရောက်လာတယ်။ ကျနော်တို့အဖွဲ့တွေက ပိန္ဒဲပင်ဘက်မှာ၊ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်တာ။ စစ်တပ်ကနှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးလာတာ၊ အဲဒီမှာ ကျနော်တို့ဘက်ကတဖွဲ့က ကြားညပ်ပြီး ပိတ်မိသွားတယ်။ ရဲဘော် ၁၀ ယောက် မြင့်မြတ်စွာအသက်ပေးလိုက်ရတယ်”
တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အလောင်းတွေလည်း ပြန်မရဘူးလို့ သူက ဆက်ပြောပါတယ်။
“လက်နက်တွေလည်းဆုံးရှုံးသွားတယ်။ ရဲဘော် ၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ အဖွဲ့တွေလည်း နောက်ဆုတ်ပေးထားရတယ်၊ တိုက်ပွဲဖြစ်နေတာတော့ ခုနေနဲ့ဆို ၃ ရက်ရှိပြီ။ မနက်ကထိ အပြန်အလှန်ပစ်ကြသေးတယ်။ ခုကငြိမ်နေတယ်။ စစ်တပ်ဘက်ကတော့ အကျအဆုံး သေချာမသိရသေးဘူး”
ရေတာရှည်မြို့နယ်၊ ပိန္နဲပင်ကျေးရွာတိုက်ပွဲအတွင်း KNU နဲ့ PDF တွေ အကျအဆုံးများတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။










