
မကွေးတိုင်း၊ ချောက်မြို့နယ်တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်အာဏာရှင်တပ်က ပစ်သတ်ခဲ့တဲ့ ရုပ်သံကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေက ထုတ်ပြန်ပါတယ်။
ချောက်မြို့နယ်၊ စလေမြို့၊ တောင်သာရွာအနီး ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် အယောက် ၂၀ ကျဆုံးခဲ့ပြီး ၃ ယောက် အဖမ်းခံခဲ့ရတာပါ။
တိုက်ပွဲမှာ ကျဆုံးတဲ့ ရဲဘော် ၂၀ ထဲမှာ အရှင်အဖမ်းခံရပြီးမှ အနီးကပ်ပစ်သတ်ခံရသူတွေ ပါဝင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို စစ်ကောင်စီက ဒရုန်းနဲ့ရုပ်သံမှတ်တမ်းယူပြီး ဇူလိုင် ၁၁ ရက်မှာ သူတို့ ဝါဒဖြန့်မီဒီယာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေထဲမှာ စစ်တပ်နဲ့ ရဲ ကွန်မန်ဒိုပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ချုံခိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတုန်းမှာ ဝိုင်းပတ်ပြီး ချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အရှင်အဖမ်းခံရတဲ့ သုံ့ပန်းတွေကို ညှာတာမှုမရှိဘဲ ပစ်ခတ်သတ်ဖြတ်တာဟာ နိုင်ငံတကာစစ်ဥပဒေ၊ စည်းကမ်းတွေကို စစ်အာဏာရှင်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မှတ်ချက်ပေးပါတယ်။
ပခုက္ကူခရိုင်ဒေသခံရဲဘော်တယောက်က “ကျနော်တို့ ရဲဘော်တွေ ဆိုးဆိုးရွားရွား ကျဆုံးတဲ့ကိစ္စမှာတော့ ကျနော်တို့ စိတ်မကောင်းဘူး၊ ရန်သူဟာ ရည်ရွယ်ချက်ရှိရှိ ရဲဘော်တွေကို အရှင်ဖမ်းမိပြီးခါမှ တနေရာတည်းမှာ ပစ်သတ်တဲ့ပုံစံမျိုးကို တွေ့ရတယ်၊ ကျနော်တို့ တော်လှန်ရေးဘက်ကတော့ ရန်သူ့ဘက်က သုံ့ပန်းတွေမိတယ်ဆိုရင် ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ကောင်းမွန်စွာထားရှိတယ်၊ ကောင်းမွန်စွာလည်း ဆက်ဆံတယ်၊ ဒါမျိုးတွေ ရှိခဲ့ပါတယ်။ ပြည်သူလူထုကို ပြည်သူလို့ သူတို့မသတ်မှတ်တော့ဘူး။ ပြည်သူတွေကို သူတို့က ရန်သူလို ဆက်ဆံပြီးခါမှ ပြတ်ပြတ်သားသား နှိမ်နင်းတယ်ဆိုတာ တွေ့ရှိရတယ်ဗျ။ သူတို့မှာ ဥပဒေဆိုတာ မရှိဘူး၊ သူတို့မှာ လူသားချင်းစာနာစိတ်ဆိုတာလည်း မရှိဘူးလို့ တွေ့ရတယ်။ ကျနော်တို့ ဒီပွဲဟာ နိုင်မှဖြစ်မယ်၊ မနိုင်လို့မရဘူး။ စစ်ကောင်စီကတော့ ကျနော်တို့ကို ရန်သူပီသစွာနဲ့ ဆက်ဆံနေတယ်။ ကျနော်တို့ကလည်း စစ်အာဏာရှင်ပြုတ်ကျမှ ဖြစ်မယ်ဆိုတဲ့ အတွေးအမြင်လည်း ပိုပြီးတော့ ရလာတယ်ပေါ့ဗျာ။ ဖက်ဆစ်စနစ်ထက် ပိုဆိုးရွားစွာ ဆက်ဆံနေတာ တွေ့ရတယ်။ ဒါကြောင့် ဒီစနစ်က အလွတ်ရုန်းကြမှဆိုရင်တော့ ကျနော်တို့ ရဲဘော် တော်လှန်ရေးအင်အားစုတွေ ညီညွတ်မှရမယ်၊ ပူးပေါင်းဆောင်ရွက်ကြမှရမယ်လို့ပဲ မြင်တယ်ဗျ” လို့ ပြောပါတယ်။
စစ်အာဏာရှင်က မေလကတည်းက မကွေးတိုင်းထဲက ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့ ပျူစောထီးရွာတွေကို အခြေပြုပြီး ချင်းပြည်နယ်ကို အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဗျူဟာပြင်ခဲ့တာပါ။
ချင်းပြည်နယ်တောင်ပိုင်းကို မကွေးတိုင်း၊ ယောနယ်ကနေတဆင့် တပ်သား၊ လက်နက်နဲ့ရိက္ခာ ထောက်ပို့ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ရေကြောင်း၊ လေကြောင်းနဲ့ မြေပြင်အင်အား စတဲ့ နည်းလမ်းမျိုးစုံနဲ့ ချင်း၊ စစ်ကိုင်း၊ မကွေး ထိစပ်ဇုန်ကို စစ်ရေးအသာစီးယူဖို့ ကြိုးစားခဲ့တာပါ။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “စကစ အားကောင်းတဲ့နယ်မြေထဲမှာ သူတို့စစ်ဆင်ရေး ဖော်ဆောင်တာဖြစ်တဲ့အတွက် ဒီလိုဖြစ်သွားတယ်လို့ သုံးသပ်လို့ရပါတယ်။ နောက်တချက်က အခုပဲ သတင်းတွေ ရနေတာတော့ ဂျက်ဖိုက်တာတွေက တံတားဦးနဲ့ မိတ္ထီလာနဲ့က ပခုက္ကူခရိုင် ပေါက်၊ မြိုင်ရယ် အနောက်ဘက်က ဆောပေါ့၊ အဲ့ဒီကို တောက်လျှောက် ဝေဟင်ကနေ တိုက်ခိုက်နေတယ်။ မြေပြင်စစ်ကြောင်းတွေကလည်း ဆက်တိုက်ဆိုသလို ထိုးဖို့ရာ အခု ပြင်ဆင်နေတယ်ဆိုတာတွေလည်း အချိန်နဲ့တပြေးညီ သိနေရတယ်ပေါ့။ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ဆောကို ဖြတ်ပြီးတော့မှ အနောက်ဘက် ချင်းပြည်နယ်ဘက်ကို အဓိကသွားမယ့် အနေအထားတွေလို့လည်း သိရတယ်။ ပြီးခဲ့တဲ့ကာလမှာလည်း ပေါက်တို့ မြိုင်တို့က ရဲစခန်းသိမ်းတာတွေ ပျူရွာသိမ်းတာတွေနဲ့ Hot တော့ Hot သွားတယ်ဆိုပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က အဲ့ဒါကို သိပ်အာရုံ မစိုက်ဘူးလို့တော့ သုံးသပ်လို့ရတယ်။ ချင်းကိုသွားတဲ့ လမ်းကြောင်းကျနေတဲ့အပေါ်မှာပဲ သူတို့လှုပ်ရှားတယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ခုဟာက သူတို့ လမ်းကြောင်းရှင်းတဲ့ ပုံစံမျိုးနဲ့ပဲ သွားနေတာ အနေအထားက” လို့ ပြောပါတယ်။
ချင်းပြည်နယ်က ဒေသကာကွယ်ရေးအဖွဲ့တွေကို ကူညီနိုင်ဖို့ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက စစ်အာဏာရှင်စစ်ကြောင်းတွေ၊ စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေလကုန်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာပါ။
မေ ၂၃ ရက်မှာ မြိုင်နယ်၊ သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး ဇွန် ၄ ရက်နေ့မှာ ပေါက်နယ်၊ ကုက္ကိုစုပျူရွာနဲ့ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ပခုက္ကူခရိုင်ထဲက ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၃ ရက်မှာ စစ်အာဏာရှင်တပ်ရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးကို အသေခံဒရုန်း နဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူထားတာပါ။
စစ်အာဏာရှင်တပ်က မကွေးတိုင်းထဲမှာ ဖိအားပေးတိုက်ခိုက်ခံရတာတွေ ရှိနေပေမဲ့ သူတို့ရဲ့ မူလရည်မှန်းထားတဲ့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်ထိန်းချုပ်မယ့်ဗျူဟာကို အပြောင်းအလဲမလုပ်ဘဲ တိုက်ပွဲပြင်နေတာဖြစ်ပါတယ်။










