
အရက်ပုလင်းတွေမှာ ကင်ဆာသတိပေးချက်တွေ တပ်သင့်ကြောင်း အမေရိကန်ကျန်းမာရေး အကြီးအကဲက ဇန်နဝါရီ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဆေးလိပ်ဘူးတွေမှာ ကင်ဆာသတိပေးချက်တပ်သလိုမျိုး အရက်ပုလင်းတွေမှာလည်း ကင်ဆာသတိပေးချက်တပ်ဖို့ တိုက်တွန်းခဲ့တာပါ။
အမေရိကန်ကျန်းမာရေးအကြီးအကဲ ဗီဗက်မာသီက အရက်သောက်ခြင်းကြောင့် ရင်သား၊ အူနဲ အသည်းကင်ဆာအပါအဝင် ကင်ဆာအမျိုး ၇ မျိုးအထိ ဖြစ်စေနိုင်ကြောင်း၊ ဒါပေမဲ့ အမေရိကန်အများစုက သတိမမူဘဲ သောက်သုံးမှုပြုလုပ်နေတယ်လို့ ပြောပါတယ်။
ဒါကြောင့် အရက်သောက်သူတွေ သတိပြုမိဖို့ ကင်ဆာရောဂါသတိပေးမှုနဲ့ ကင်ဆာမဖြစ်အောင် ဘယ်လိုသောက်သင့်လဲဆိုတာ လမ်းညွှန်ဖို့လိုတယ်လို့ မာသီက ပြောပါတယ်။
အမေရိကန် အစားအသောက်အကြံပေးမှုက ၁ နေ့ကို အမျိုးသားတယောက်ဟာ အရက် ၂ ပတ်သာ သောက်သင့်ကြောင်းနဲ့ အမျိုးသမီးတွေအနေနဲ့ ၁ နေ့ကို ၁ ပတ်သာ သောက်သင့်တယ်လို့ အကြံပြုထားပါတယ်။
အမေရိကန်မှာ ကင်ဆာဖြစ်ပွားနေတဲ့ အဓိကအချက်တွေအနေနဲ့ အရက်သောက်ခြင်းက တတိယမြောက် အချက်ဖြစ်ပါတယ်။ အမေရိကန်မှာ အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့က ကင်ဆာဖြစ်စေနိုင်တဲ့ အဓိက အချက်တွေပဲဖြစ်ပါတယ်။
Source-Reuters










