DVB Logo
Home
ဆောင်းပါး
အာဏာကင်ဆာမြစ်ပွားနာ အဆင့် ၄ ရောက် စစ်သူခိုးဓားပြတပ်မတော်
DVB
·
January 4, 2025
အာဏာကင်ဆာမြစ်ပွားနာ အဆင့် ၄ ရောက် စစ်သူခိုးဓားပြတပ်မတော်
Donate to DVB

လူသားတွေမှာ ဖြစ်ပွားတတ်တဲ့ရောဂါတွေထဲမှာ ကင်ဆာရောဂါဟာ လူသိများသလို အသိနောက်ကျရင် ကုသလို့ မရနိုင်အောင်ကို အန္တရာယ်ကြီးမားလှပါတယ်။ ဆေးပညာ ဝေါဟာရ malignant neoplasm ကင်ဆာအကျိတ် - တွေထဲမှာ အချိန်မီ မတားဆီးခဲ့ရင် ထိန်းချုပ်လို့မရတဲ့ အကျိတ်မျိုးတွေရှိပါတယ်။ အဲ့ဒီ ဆဲ(လ်)အုပ်စု အကျိတ်တွေ ကြီးထွားလာခဲ့ရင် နီးစပ်ရာတစ်ရှူးတွေကို ထိုးဖောက်ဝင်ရောက်ကာ ဖျက်ဆီးလာတာမို့ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ကင်ဆာဆဲ(လ်) တွေ ပြန့်ပွားတတ်ပါတယ်။ သွေးပြန်ရည်(လင့်ဖ်) သွေးကနေတဆင့်လည်း ခန္ဓာကိုယ်မှာရှိတဲ့ အခြားနေရာတွေဆီကို ပျံ့နှံ့သွားတတ်ပါတယ်။

တနည်းအားဖြင့်ဆိုရင် ကင်ဆာဆိုတာ လူသားတွေရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်း အမျိုးမျိုးမှာ ဘေးအန္တရာယ် အဆိပ်အတောက် ဖြစ်စေတဲ့ ကြီးပွားခြင်းတမျိုးကို ခြုံပြီး ခေါ်ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒီကြီးပွားမှုမှာ ခန္ဓာကိုယ်ကို လောင်ကျွမ်းပြုန်းတီးစေဖို့သာ ဖြစ်ပြီး အနီးအနားပတ်ဝန်းကျင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စားသွားတတ်ပါတယ်။ အရေပြား၊ အကြိတ်နှင့် အတွင်းအင်္ဂါ အပေါ်ယံအမြေး‌တွေ၊ ကြွက်သား၊ အရိုးနဲ့ အသားအမျှင်တွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

ဥပမာပေးရရင် ကင်ဆာဆိုတာ ညောင်မြစ်သဖွယ်တွယ်လို့ သွေးသားခန္ဓာကို ဖျက်ဆီးစားသောက်တတ်တဲ့ မှိုတက်နာ မြစ်ပွားနာ တမျိုးဖြစ်ပါတယ်။ ဒီလိုအနာမျိုးဖြစ်စမှာ စောစောစီးစီး သတိပြုမိပြီး အချိန်မီ အနေအထိုင် အလေ့အထအစားအသောက် ပြောင်းလဲသင့်တာကို ပြောင်းလဲပြင်ဆင်လို့ ကုသမယ်ဆိုရင် အသက်ရှင်နိုင်ခွင့်ရှိပါတယ်။

ထို့အတူပါပဲ လူအဖွဲ့အစည်းတခုပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတခုဖြစ်ဖြစ်၊ လက်နက်ကိုင်စစ်တပ်တခုပဲ ဖြစ်ဖြစ် အကျင့်ပျက်ခြစားမှု့တွေ၊ မိမိအဖွဲ့အစည်းတာဝန်ကို မကျေပွန်ဘဲ အဖွဲ့စည်းရဲ့ မူလတာဝန်နဲ့ မဆိုင်တဲ့အလုပ်တွေ နယ်ကျော်လုပ်လာတဲ့ ဓလေ့တွေ ညောင်မြစ်သဖွယ်တွယ်လာပြီး အာဏာပါဝါမက်မောတဲ့၊ အခွင့်ထူးခံလိုတဲ့ အာဏာကင်ဆာ၊ စစ်ကင်ဆာ၊ နိုင်ငံရေးကင်ဆာဆိုးကြီး စတင်စွဲကပ်လာရင် အချိန်မီပြင်ဆင်ကြဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းပြည်နဲ့လူမျိုးအားလုံးကို အဆုံးစွန်ဖျက်ဆီးတတ်တဲ့ အာဏာကင်ဆာ စစ်ကင်ဆာ၊ မြစ်ပွားနာကြီးဟာ တပ်မတော်အမည်ခံစစ်တပ်ကို စွဲကပ်လို့ အမြစ်ပွားပျံ့နှံ့ခဲ့ဝာာ ၁၉၆၂ က စရေတွက်ရင် နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပေမဲ့ စစ်တပ်ကို လိုအပ်တဲ့ အချိန်မီ ပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်ခဲ့တာကြောင့် အခုဆို စစ်ကင်ဆာနောက်ဆုံးအဆင့်ရောက်ပြီး ဆေးမမီတော့တဲ့အချိန် ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနေရာမှာ အာဏာကင်ဆာ မြစ်ပွား စစ်ကင်ဆာအကြောင်း ဆက်မရေးခင်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကင်ဆာ‌ရောဂါ မြစ်ပွားနာကို ဘယ်လို အဆင့်သတ်မှတ်ကြသလဲဆိုတာ အနည်းငယ်ရေးပြချင်ပါတယ်။ ကင်ဆာရောဂါကို အဆင့် ၄ ဆင့် ခွဲပြီး သတ်မှတ်တတ်ကြပါတယ်။ အစောပိုင်း အဆင့်ကနေ အပြင်းထန်ဆုံးအဆင့် ဆိုပြီးတော့ပေါ့။ အဆင့် သတ်မှတ်ချက်မှာ ဂဏန်းတန်ဖိုးတွေ ကြီးလာလေလေ ကင်ဆာက ပြင်းထန်လေလေ ဖြစ်ပြီး အသက်ရှင်နိုင်ခြေကလည်း နည်းလေလေပါပဲ။

ကင်ဆာအားလုံးမှာ အဆင့်သတ်မှတ်ချက်တွေ မရှိပေမဲ့ အများစုကတော့ အဆင့်သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ကင်ဆာအဆင့်တွေကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ်ကြပါတယ်။

(က) ကင်ဆာအဆင့် ဇီးရိုး

အဆင့် ဇီးရိုး ဆိုတာက ဆရာဝန်က ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေကို ရှာတွေ့ပေမဲ့ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီကို ပြန့်နေတာမျိုး မရှိသေးပါဘူး။

(ခ) ကင်ဆာအဆင့် ၁

အဆင့် ၁ က ကင်ဆာ အစောပိုင်း အဆင့် တဆင့်ပါ။ ကင်ဆာကျိတ် စဖြစ်နေပါပြီ။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေက အနီးတဝိုက်က တစ်ရှူးတွေနဲ့ ပြန်ရည်ကျိတ်တွေဆီကို ပြန့်သွားတာမျိုးတော့ မရှိသေးပါဘူး။

(ဂ) ကင်ဆာအဆင့် ၂

အဆင့် ၂ ဆိုတာက ကင်ဆာကျိတ်က နည်းနည်းလေး ကြီးလာပါပြီ။ အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်လို့နေပါပြီ။

(ဃ) ကင်ဆာအဆင့် ၃

အဆင့် ၃ မှာ ကင်ဆာကျိတ်ကတော့ ဖြစ်နေပါပြီ။ ဒီအခြေအနေမှာ ကင်ဆာကျိတ်က သိပ်မကြီးတာမျိုး ဖြစ်နိုင်သလို အဆင့် ၁ နဲ့ အဆင့် ၂ ထက် အကျိတ်က ပိုကြီးနေပြီး အနီးတဝိုက်က တစ်ရှူးတွေဆီ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာ တခါတလေ ပြန်ရည်ကျိတ်တွေ အနီးတဝိုက်ထိပါ ကင်ဆာဆဲလ်တွေ ပြန့်နေတာမျိုး ဖြစ်နိုင်ပါတယ်။

(င) ကင်ဆာအဆင့် ၄

အဆင့် ၄ က ကင်ဆာရဲ့ အပြင်းထန်ဆုံး အဆင့်ပါ။ ဆရာဝန်က ကင်ဆာအဆင့် ၄ လို့ သိရှိချိန်မှာ ကင်ဆာကျိတ်က တော်တော်လေး ကြီးနေပါပြီ။ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်က အခြား အစိတ်အပိုင်းတွေဆီကို ပြန့်နေပါပြီ။

ကင်ဆာအဆင့် ၄ ရောက်ပြီဆိုရင်တော့ အသက်ရှင်နိုင်ခြေက တော်တော်လေး နည်းသွားပါပြီ။ ဒီအဆင့်မှာ ရှင်သန်နိုင်ခြေက လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေတို့အပါအဝင် အလုံးစုံသော အချက်အလက်တွေနဲ့ သက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် အရက်စက်ဆုံး၊ ရမ်းကားအကြမ်းကျုတ်ဆုံး ဒုက္ခပေးနေတဲ့ သူခိုးဓားပြတပ်မတော်မှာ အာဏာကင်ဆာ မြစ်ပွားနာ စစ်ကင်ဆာဆိုးကြီး စွဲကပ်လာခဲ့တာ အခုဆို ရောဂါကျွမ်းလို့ ဆေးမမီတော့တဲ့ ကင်ဆာအဆင့် ၄ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ မူလပထမစစ်အာဏာရူးဗိုလ်နေဝင်း က နိုင်ငံ့အာဏာ ၃ ရပ်စလုံးကို အများပြည်သူ‌ နဲ့ ကျောင်းသားတွေက လက်မခံခဲ့ကြပေမဲ့ ပါလီမန်အရပ်သားအစိုးရ လက်ထဲကနေ လက်နက်အားကိုး သိမ်းယူလိုက်တဲ့နေ့ကစလို့ အာဏာကင်ဆာ မြစ်ပွားနာ စစ်ကင်ဆာအကျိတ်စထွက်လာခဲ့ရပြီး ကင်ဆာအဆင့် ၁ စတင် အမြစ်တွယ်ခဲ့တာဖြစ်ပါတယ်။

စစ်ကင်ဆာအကျိတ်ကြီးကို ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေက သဘောမတူကြောင်း ဆဲဗင်းဂျုလှိုင် အရေးအခင်းနဲ့ပြသခဲ့ပေမဲ့ စစ်အာဏာရှင်ဟာ နောင်တမရတဲ့အပြင် ရက်ရက်စက်စက် သတ်ဖြတ်ပြီး နောက် ၁၂ ကြာတဲ့အထိ အချိန်မီပြင်ဆင်ကုသဖို့ ပျက်ကွက်ယုံမက ၁၉၇၄ ခုနှစ်မှာ အာဏာရှင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲပြီး တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်ခဲ့တာမို့ စစ်ကင်ဆာအဆင့် ၂ ကို ရောက်ရှိပြီး စစ်အခွင့်ထူးခံ မြစ်ပွားနာဟာ ဆက်လက်လှိုက်စားခဲ့ပါတယ်။

တပါတီအာဏာရှင်စနစ် နဲ့ ဗိုလ်ကျအုပ်စိုးတာ ၁၄ နှစ်ကြာပြီးတဲ့ ၁၉၈၈ ခုနှစ် ရောက်တဲ့အခါမှာတော့ စစ်ကင်ဆာဆိုးကြီး ရောဂါသည်းထန်လာတာမို့ ပြည်သူတရပ်လုံးက လမ်းမတွေပေါ်တက် ဆန္ဒပြလို့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပေမဲ့ စစ်သူခိုးဓားပြဂိုဏ်းဟာ အာဏာကို လက်မလွှတ်ခဲ့ဘဲ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာထပ်မံသိမ်းယူလို့ ကတိအတုတွေပေး ထပ်မံလိမ်ညာပြီး ၂၀၀၈ ခုနှစ်မှာ ပြည်သူက မခိုင်းဘဲ စစ်ကျွန်အခြေခံဥပဒေကို ဇွတ်ရေးဆွဲအတည်ပြုရာကနေ စစ်ကင်ဆာအဆင့် ၃ ကို ရောက်ရှိခဲ့ရပါတယ်။

စစ်ဓားပြတပ်ဟာ ကင်ဆာအဆင့် ၃ မှာလည်း လိုအပ်တဲ့ကုသမှု၊ စစ်မှန်တဲ့ အကျင့်အကြံ ပြောင်းလဲပြင်ဆင်မှုတွေမလုပ်ဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူလူထုအသဲကြားက မဲပြားတွေနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ မဲနိုင်တဲ့ရလဒ်ကို အသိအမှတ်မပြုတော့ဘဲ လက်နက်အားကိုးနဲ့ ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလို လူထုအာဏာကို ထပ်မံလုယက်ခဲ့ရင်း လက်နက်မဲ့ ပြည်သူတွေရဲ့ဦးခေါင်းကို တည့်တည့်ချိန်ပစ်ပြီး စစ်ကင်ဆာ အဆင့် ၄ ရောက်ရှိခဲ့ရပါတော့တယ်။

အဲ့ဒီနောက်တော့ ခွင့်မလွှတ်ထိုက်တဲ့အမှားတွေ အကုသိုလ်ကုဋေကုဋာထပ်မံကျုးလွန်တဲ့အပြင် လူ့ဂုဏ်သိက္ခာကို နင်း‌ချေ စော်ကားတဲ့ စစ်ရာဇဝတ်မှုကြီးပေါင်း မရေတွက်နိုင်အောင် ဆိုးယုတ်ခဲ့ကြတာမို့ ကုသလို့မရ၊ ဆေးမမီတော့တဲ့ ကင်ဆာအဆင့် ၄ အထိ ရောဂါကျွမ်းလို့ သင်္ချိုင်းတဖက်ခြေလှမ်းနေတဲ့ လူနာသဖွယ်ဖြစ်ခဲ့ရပြီဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် လွန်ခဲ့တဲ့နှစ် ၆၀ ကျော်ကာလကစလို့ အာဏာကင်ဆာ မြစ်ပွားနာအကျိတ် စတင်စွဲကပ်ခံရတဲ့ စစ်တပ်ဟာ အာဏာကင်ဆာအကျိတ်ကို မခွဲစိတ်၊ မဖယ်ရှား၊ မကုသတဲ့အပြင် အာဏာကင်ဆာဆဲလ်တွေနဲ့တူတဲ့ အကျင့်သီ‌လကောင်းမရှိကြတဲ့ အခွင့်ထူးခံ လူဆိုးလူမိုက်၊ လူယုတ်မာတွေ စုဝေးပေါက်ပွားရာ  ကြမ်းပိုး သူခိုးဓားပြဂိုဏ်းကြီးတခု ဖြစ်လာခဲ့တာမို့ စစ်ကင်ဆာ အဆင့် ၁ ကနေ အခုဆို စစ်ကင်ဆာအဆင့် ၄ ထိ ရောဂါဆိုးဝါးလာတာမို့ အသက်ငင်လာနေပြီဖြစ်ပါတယ်။

ကင်ဆာဝေဒနာသည်ဟာ အဆင့် ၄ ရောက်ပြီဆိုရင် အလွန်နာကျင်တဲ့ ဝေဒနာကို အပြင်းထန်ဆုံးခံစားရပြီး ကိုယ်တွင်း ကလီစာ အင်္ဂါအစိတ်အပိုင်းပျက်စီးယိုယွင်းပြီး သေပွဲဝင်ရသလို အာဏာကင်ဆာမြစ်ပွားနာ အဆင့် ၄ ရောက် သူခိုးဓားပြတပ်မတော်ဟာ  သမိုင်းမှာမကြုံခဲ့ဖူးတဲ့ အရေးနိမ်မှုတွေ ဆက်တိုက်ကြုံလာရပါတယ်။ တိုက်ပွဲတိုင်းရှုံးလို့ အကြီးမားဆုံး စစ်တိုင်းဌာနချုပ်ကြီး ၂ ခုကို လက်လွှတ်ခဲ့ရရုံသာမက မဆုတ်တမ်း ခံစစ်စခန်းတွေအပါအဝင် တပ်မတွေ၊ ဗျူဟာကုန်းတွေ၊ ဒကစဌာနချုပ်တွေအပါအဝင် မြန်မာတပြည်လုံးရှိ စစ်စခန်းပေါင်း ထောင်သောင်းချီဆုံးရှုံးခဲ့ရပြီမို့ ရှင်လမ်းမရှိတော့တဲ့ အာဏာရှင်သစ္စာခံစစ်တပ်ဟာ မီးဇာကုန်ဆီခမ်း၊ ဇာဝာာသက်တမ်းကုန်နေတဲ့ စစ်ကင်ဆာဂိတ်ဆုံးအဆင့်ရောက် သူခိုးဓားပြဂိုဏ်းကြီးသာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013