
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဟောင်း ဦးခွန်ထွန်းဦး (ကွယ်လွန်) နဲ့ လက်ရှိပါတီ ဥက္ကဋ္ဌဦးစိုင်းညွန့်လွင်တို့ကို အာဏာသိမ်းစစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်လိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက် ၇၇ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ခေါင်းဆောင်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ချီးမြှင့်အပ်နှင်းခံရသူတွေစာရင်းမှာ SNLD ခေါင်းဆောင် တွေကိုလည်းထည့်သွင်းဖော်ပြထားတာပါ။
အခုလိုပေးအပ်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အသေးစိတ်အခြေခံရမယ့်မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာတုန်းက ပါဝင်ဆွေးနွေးခဲ့ကြတဲ့သူတွေကို ပေးအပ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၃၀ ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
တိုင်းရင်းသားအင်အားကြီးပါတီတခုဖြစ်တဲ့ SNLD ပါတီဟာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်မတင်တာကြောင့် ပါတီဖျက်သိမ်းခြင်း ခံထားရပါတယ်။










