
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ပေါက်တောမြို့နယ်တို့မှာ မတ် ၃ ရက်နဲ့ ၁၆ ရက်နေ့တို့က သက်ငယ်မုဒိမ်းမှု ၂ ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေဆီက သိရပါတယ်။
မတ် ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာက သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခံရသူ ၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ အခင်းဖြစ်စဉ်မှာတင် သေဆုံးခဲ့ပြီး ကျူးလွန်သူနဲ့ အပေါင်းအပါ ၂ ယောက်က အလောင်းဖျောက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ အောင်သုခကျေးရွာ ဒေသခံတွေက ပြောပါတယ်။
အောင်သုခကျေးရွာက အမျိုးသားတယောက်က “ကလေးမကလေး အခုမှပဲ ၃ နှစ်လောက် ရှိသေးတာ။ ငယ်ငယ်လေးပဲ နို့တောင်မလွတ်သေးဘူး။ သူ့အမေ ဂုံးသွားရှာချိန်မှာ အဓမ္မပြုကျင့်ပြီး အသတ်ခံလိုက်ရတာ။ သူ့အမေ ပြန်ရောက်လို့ ကလေးရှာမတွေ့ခါမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာသားတွေ လိုက်ရှာကြတာမှာ ကလေးငယ်ရဲ့ အလောင်းကို ဂုန်နီအိတ်ထဲမှာ တွေ့တာ။ သံဿယတရားခံနဲ့ မိသားစုတွေက ကလေးငယ် သေဆုံးသွားတာကြောင့် အလောင်းဖျောက်ဖို့ ကြိုးပမ်းခဲ့ကြတာရှိတယ်” လို့ ပြောပါတယ်။
သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူဟာ ၁၄ နှစ်အရွယ် ယောကျ်ားလေးတယောက်ဖြစ်ပြီး သူနဲ့အတူ ကျူးလွန်ခံရသူ မိန်းကလေးကို အလောင်းဖျောက်ဖို့ ကြံစည်မှုနဲ့ မိသားစုဝင် ၂ ယောက်ကိုလည်း ရဲတပ်ဖွဲ့ (DELPS) က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူတွေဟာ ကလေးငယ် သေဆုံးပြီးနောက် သူတို့ရဲ့ အိမ်နောက်ဖေးမှာ အလောင်းဖျောက်ဖို့ ကျင်းငယ်တခု တူးဖော်ထားကို တွေ့ရှိခဲ့ရပြီးနောက် မလုံခြုံတဲ့ အနေအထားမှာမှ ရွာပြင်မှာ ဂုန်နီအိတ်နဲ့ ထုပ်ပြီး စွန့်ပစ်အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မတ် ၃ ရက်ကလည်း ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းရှိ ဖဒူကြီးကျေးရွာမှာ ၈ နှစ်အရွယ် မိန်းကလေးတယောက်ကို အသက် ၄၀ အရွယ် အမျိုးသားတယောက်က အဓမ္မပြုကျင့်ခဲ့ပြီး လက်ရှိမှာ ကျူးလွန်သူဟာ ရဲလက်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဖဒူကြီးကျေးရွာသားတယောက်က ပြောပါတယ်။
“ကလေးမလေးက အဒေါ်ဖြစ်သူနဲ့ စိုက်ခင်းလိုက်သွားခဲ့တာ။ ပုံမှန်လည်း သွားနေကျပါပဲ။ အဲဒီက အပြန်လမ်းမှာ အဓမ္မပြုကျင့်ခံလိုက်ရတာ။ ကျူးလွန်သူကို ပထမ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာရှိတယ်။ ဘာကြောင့် ပြန်လွတ်သွားတယ် ဆိုတာတော့ မသိဘူး။ နောက်တနေ့ကျတော့ မုဒိမ်းမှု တရားခံအား အလိုရှိတယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ထားတာ တွေ့တယ်။ ဒီလို ရာဇဝတ်သားတဦး လွတ်မြောက်သွားတယ်ဆိုတာ လူမှုပတ်ဝန်းကျင်အတွက် အတော်လေးကို အန္တရာယ်ကြီးတဲ့ အနေအထား ဖြစ်သလို ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုအပိုင်းကိုလည်း မေးခွန်းထုတ်စရာတွေ ရှိတယ်။”
ထွက်ပြေးလွတ်မြောက်နေတဲ့ ကျူးလွန်သူ တရားခံအဖြစ် သံသယရှိသူ ဦးထွန်းအောင်ချေ (၄၀ နှစ်) ကို ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက အပူတပြင်း လိုက်ရှာတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ထားပေမဲ့ မတ် ၁၇ ရက်အထိ ပြန်ဖမ်းမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်က မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားလာတာဟာ အမျိုးသမီးတွေရဲ့ မလုံခြုံမှု၊ လူမှုပတ်ဝန်းကျင် ပျက်စီးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာကို တိုက်ရိုက် ပြသနေတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်က အမျိုးသမီးအရေးလှုပ်ရှားနေသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ရခိုင်ပြည်မှာ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်ခံရတာ၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုတွေဟာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာနေတယ်။ မောင်တောဖြစ်စဉ်ဆိုရင် အတော်လေးကို သွေးပျက်စရာကြီး။ ၃ နှစ် ဘာမှမသိသေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ ကြိုးပမ်းတာဟာ အတော်လေးကို လူမဆန်တဲ့လုပ်ရပ် ဖြစ်သွားပြီ။ နောက် တရားခံမမိတာ၊ မိထားတဲ့တရားခံ ထွက်ပြေးလွတ်မြောက်တာဟာလည်း တရားဥပဒေ စိုးမိုးမှုအပေါ်မှာ ဝေဖန်စရာတွေရှိတယ်။ ဒီလို့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အများပြည်သူမြင်ကွင်းမှာ ဥပဒေနဲ့အညီ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပေးဖို့ လိုအပ်လာပြီ။”
ရခိုင်က မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ် ပထမ ၃ လအတွင်းမှာတင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ အမှု ၇ မှုထက်မနည်း ရှိခဲ့တယ်လို့ အမျိုးသမီးများအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။










