DVB Logo
Home
နိုင်ငံတကာ
နယူးအော်လင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး
DVB
·
January 2, 2025
နယူးအော်လင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ နှစ်သစ်ကူးကာစ လူစည်ကားတဲ့ နယူးအော်လင်းမြို့ ဖရင့်ချ်ကွားတားဒေသထဲကို အသက် ၄၂ နှစ်အရွယ် ရှမ်ဆူဒင် ဂျဘားဟာ ဆိုသူဟာ  အတားအဆီးတွေကို ရှောင်ရှားပြီး  ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ကျူးလွန်သူဟာ တက္ကဆက်ပြည်နယ်ကဖြစ်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် စစ်မှုထမ်းဟောင်း ဖြစ်ပါတယ်။ သူဟာ လူအုပ်ကို ကားနဲ့တိုက်ပြီးနောက် ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားရာမှာ သေဆုံးခဲ့ပါတယ်။

နှစ်ကူးပြီး ဇန်နဝါရီ ၁ ရက် မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ ကာနယ်လမ်းနဲ့ ဘော်ဘွန်လမ်းထောင့်၊ သမိုင်းဝင်ခရီးသွားဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ ရဲအရာရှိ ၂ ယောက်လည်း ကျူးလွန်သူရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ပါတယ်။

နှစ်စဉ် နှစ်သစ်ကူးနေ့မှာ ကျင်းပလေ့ရှိတဲ့ ရှူဂါးဘောလ် ကောလိပ်ဘောလုံးပွဲကို ၂၄ နာရီ ရွှေ့ဆိုင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့က မြို့ထဲမှာ ဗုံးရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး သက်သေအထောက်အထားတွေ ရှာဖွေနေပါတယ်။

ငှားရမ်းထားတဲ့ကားမှာ ISIS အလံ တပ်ဆင်ထားတာ တွေ့ရှိခဲ့တာကြောင့် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီ ‘စက်ဆုပ်ရွံရှာဖွယ်’ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး လက်စ်ဗီးဂတ်စ်မြို့က ထရမ့်ပ်ဟိုတယ်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ တက်စလာကား မီးလောင်မှုနဲ့ ဆက်စပ်မှုရှိမရှိကို စုံစမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖြစ်စဉ်နှစ်ခုကြား ဆက်စပ်မှု မတွေ့ရသေးပါဘူး။

ကျူးလွန်သူက တိုက်ခိုက်မှုမလုပ်ခင် လူမှုကွန်ရက်မှာ ဗီဒီယိုတွေ တင်ခဲ့ပြီး အဲဒီထဲမှာ ISIS က လှုံ့ဆော်ထားကြောင်းနဲ့ လူသတ်ချင်တဲ့ဆန္ဒကို ဖော်ပြထားတယ်လို့ သမ္မတက ပြောပါတယ်။

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ တရားခံဟာ ဗီဒီယိုတွေထဲမှာ သူ့ရဲ့ ကွာရှင်းမှုအကြောင်း ပြောပြခဲ့ပြီး မိသားစုအားလုံးကို ‘ပွဲတခု’ အတွက် စုစည်းပြီး သတ်ဖြတ်ဖို့ စီစဉ်ခဲ့ကြောင်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ အစီအစဉ်ကို ပြောင်းလဲခဲ့ပြီး ISIS ထဲ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်မှုပဲ မဟုတ်ဘူး၊ ဒါဟာ ရက်စက်ယုတ်မာမှုပဲ” လို့ ရဲချုပ် အင်းကာ့ခ်ပက်ထရစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နယူးအော်လင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး