DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် လက်နက်ဝယ်ယူမှု၌ ထိုင်းဘဏ်များပတ်သက်သည့် သက်သေမတွေ့
DVB
·
December 31, 2024
မြန်မာစစ်တပ် လက်နက်ဝယ်ယူမှု၌ ထိုင်းဘဏ်များပတ်သက်သည့် သက်သေမတွေ့
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုတွေကို ထိုင်းနိုင်ငံတွင်းက ဘဏ်တချို့က ကူညီခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ပံ့ပေးနိုင်တဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဒီသတင်းကို Bloomberg သတင်းဌာနက ဖော်ပြခဲ့ပြီး ဘန်ကောက်စ်ပို့စ် သတင်းစာကလည်း ပြန်လည်ဖော်ပြထားတာ တွေ့ရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR)ရဲ့ ၂၀၂၄ ဇွန် အစီရင်ခံစာ ထွက်ရှိအပြီးမှာ ထိုင်းဗဟိုဘဏ် (BoT) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Amlo) တို့ဟာ တချို့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်တွေကို ပြန်သုံးသပ်ဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ တချို့ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ OHCHR အစီရင်ခံစာပါ လူပုဂ္ဂိုလ်တွေနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်တွေ ပြုလုပ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပေမဲ့ ဒီလုပ်ငန်းဆောင်ရွက်ချက်တွေဟာ လက်နက်ဝယ်ယူမှုနဲ့ ချိတ်ဆက်မှုရှိကြောင်း သက်သေ အထောက်အထားကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

သေမင်းကုန်သွယ်ရေးပေါ်က ဘဏ်လုပ်ငန်း-မြန်မာပြည်က စစ်ကောင်စီ လည်ပတ်နိုင်အောင် ဘဏ်တွေနဲ့ အစိုးရတွေက ဘယ်လို လုပ်ဆောင်ပေးနေသလဲဆိုတဲ့ “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar” ဆိုတဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီဟာ စခန်းတွေ၊ နယ်မြေတွေ၊ စစ်သည်တွေ ဆုံးရှုံးလာချိန်မှာ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု ၅ ဆတိုး လုပ်လာတဲ့အကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ နာမည်ပေးထားတဲ့ စစ်ကောင်စီဟာ ပြည်ပက လက်နက်နဲ့ ငွေဆိုတဲ့ အဓိက ရင်းမြစ်နှစ်ခုကို မှီခိုအားထားနေတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ  နိုင်ငံတကာ ဘဏ်စနစ်ကတဆင့် စစ်လက်နက်အထောက်အပံ့တွေ ဝယ်ယူဖို့ စစ်ကောင်စီရဲ့ အဓိကရင်းမြစ် ဖြစ်လာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကနေ လက်နက်နဲ့ ဆက်စပ်ပစ္စည်း လွှဲပြောင်းမှုဟာ ၂၀၂၂ ဘဏ္ဍာနှစ်က ဒေါ်လာ သန်း ၆၀ ကျော် ရှိရာကနေ ၂၀၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၂၀ ကျော်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘဏ္ဍာရေးအဖွဲ့အစည်း အသီးအသီးဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ တင်းကျပ်မှု အဆင့်အမျိုးမျိုး ကွဲပြားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ငွေကြေးခဝါချမှု ဆန့်ကျင်ရေး လုပ်ထုံးလုပ်နည်းတွေ မြှင့်တင်ဖို့ လိုအပ်တာတွေတော့ ရှိတယ်လို့ ထိုင်းဗဟိုဘဏ်က သုံးသပ်ထားပါတယ်။

ကုလအစီရင်ခံစာမှာ ထိုင်းအစိုးရ ပါဝင်ပတ်သက်တယ်၊ ဒါမှမဟုတ် ဒီလွှဲပြောင်းမှုတွေကို သိရှိထားတယ်ဆိုတဲ့ အထောက်အထားတော့ မရှိဘူးလို့ ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013